ဒေလီအလွမ်း
နိဒါန်း
မိမိ
Ph.D ပူဇော်ပွဲ အမှတ်တရ အဖြစ် မိမိဖြတ်သန်းခဲ့သော ပညာရှာဖွေမှုဆိုင်ရာ အနှစ်နှစ်ဆယ်အတွေ့အကြုံတို့ကို
ဆောင်းပါးလေးတွေရေးပြီး “ဘ၀မှတ်တိုင်” နာမည်နဲ့ စာအုပ်တစ်အုပ်ထုတ်ဖြစ်ခဲ့တယ်။ အနှစ်နှစ်ဆယ်စာကိုမိအောင်
အကျဉ်းချုပ်ရေးရသော ဆောင်းပါင်းများလည်းဖြစ်၊ အဲဒီဆောင်းပါးတွေကိုပဲ စုပေါင်းလိုက်ရင်ကို
စာအုပ်က တစ်အုပ်စာ ရသွားလို့ ရေးသားတဲ့ အခန်းကဏ္ဍအားလုံးက အကျဉ်းချုပ်မှတ်တမ်းအဖြစ်လောက်တာဖြစ်ခဲ့ပါတယ်။
ဒါကို တစ်ချို့ စာဖတ်သူများက အားမရကြဘူး။ အကျယ်သိလိုကြတယ်။ အကျယ်ဖတ်လိုကြတယ်။ ဒါကြောင့်
အကျယ်ရေးစေလိုကြပါတယ်။ ဒီအထဲမှာ အဓိက အကျဆုံး အားပေး အကြံပြုသူများကတော့ မိမိရဲ့ အနန္တကျေးဇူးတော်ရှင်
ငယ်ဆရာ ရွာဗုကြီးကျောင်းကြီးတိုက် ဆရာတော်နှင့် “၀င်း” ကျူရှင်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းက
ဆရာကြီး ဦးငွေဝင်းတို့ပါပဲ။ မိမိရွာဆရာတော်က စကားပြောခဲတယ်။ အတော်သင့်နဲ့ နှုတ်က ဟတော်မမူဘူး။
(ဆိုခဲစေ မြဲစေ ဆိုတဲ့ ရှေးဆရာတော်တို့ထုံး နှလုံးမူဟန်တူလို့ထင်တယ်)။ ဆရာဦးငွေဝင်းကတော့
အဲဒီလိုမဟုတ်ဘူး။ သူကတော့ ပွင့်ပွင့်လင်းလင်း ဗွင်းဗွင်းသမား။ (ရိုးရှင်းတဲ့ သဘောထားရှိတဲ့သူလို့
မိမိကတော့ သုံးသပ်မိပါတယ်။)။ အဲဒီမှာ ဆရာဦးငွေဝင်းက မိမိပူဇော်ပွဲအပြီးနောက်ရက် သူတို့
တိုက်မှာ မိမိနဲ့ ဆရာတော်ကို ဆွမ်းစားပင့်လို့ရောက်တော့ ဆရာက လျှောက်တယ် “အရှင်ဘုရား
အိန္ဒိယကျောင်းသား အတွေ့အကြုံခန်းက နဲတာ ဘုရား၊ တပည့်တော်က အရှင်ဘုရားတို့ ဘယ်လိုနေ
ဘယ်လိုသင်ရတယ်ဆိုတာ အသေးစိတ်သိချင်တာ။ အဲဒါတွေကို အသေးစိတ်သီးသန့် စာရေးစမ်းပါဦး”
တဲ့ ။ အဲဒီကျမှ မိမိရွာဆရာတော်ရဲ့ နှုတ်တော်က မြွတ်ဟတော်မူတယ် “အဲ… အဲဒီစိတ်ကူး ခံစားချက်ကတော့
ဆရာကြီးနဲ့ ဘုန်းကြီးနဲ့ တူတယ်။ ဘုန်းကြီးကလည်း အိန္ဒိယကျောင်းသား အတွေ့အကြုံတွေတော်တော်
ဖတ်ရလိမ့်မယ်ထင်နေတာ။ အခုစာအုပ်ထဲမှာက နဲသေးတယ်။ ဦးဇင်း အိန္ဒိယမှာ ၇ နှစ်ဆိုတော့ နဲတဲ့
အတွေ့အကြုံတွေမဟုတ်ဘူး။ အဲဒါတွေကို အသေးစိတ်ရေးရင် ပိုစိတ်ဝင်စားဖွယ်ကောင်းမယ်၊ ဒါကြောင့်
ဆရာကြီးအနေနဲ့ဆို တောင်းပန်တယ်ဆိုရမယ် ဘုန်းကြီးကတော့ ဦးဇင်းကို တာဝန်ပေးတယ်ကွာ အဲဒါ
စာအုပ်ဖြစ်အောင်လုပ်၊ ဒီစာအုပ်ကိုပဲ အပြီး အမြန်ရေးရမယ်လို့ မဟုတ်ဘူး။ ကိုယ်ဆောင်ရွတ်စရာ
တာဝန်တွေလည်း မလစ်ဟင်းစေနဲ့၊ တစ်နေ့ တစ်နာရီသဘောမျိုးနဲ့ ရေး။ နိဒါန်းကတော့ ဘုန်းကြီးနဲ့
ဆရာကြီးပေါ့” တဲ့။ ဒီတော့ မိမိစဉ်းစားမိတယ်။ မိမိရေးတဲ့စာပေတွေကို ကျန်တဲ့သူတွေ စိတ်ဝင်စားတာလည်းကောင်းပါတယ်။
အခုတော့ မိမိအလေးထားရတဲ့ မိမိအနန္တကျေးဇူးတော်ရှင် ဆရာသမားကက လိုလိုလားလား တိုက်တွန်း
အမိန့်ချတော်မူနေလို့ ဒါဆိုရင် ငါဆက်လက်ရေးမှဘဲလို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဆရာတော့်ကိုလည်း
မှန်ပါးဘုရားလို့ အာမဘန္တေခံခဲ့တယ်။ ဒါကြောင့် ယ္ခုစာအုပ်ကတော့ မိမိပညာသင်သွားစဉ်မှာ
တွေ့ကြုံခဲ့ရတဲ့ အိန္ဒိယအတွေ့အကြုံတွေကို ပြန်လည်ချယ်မှုန်းမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့
မြို့တော် နယူးဒေလီမြို့ ဒေလီတက္ကသိုလ်နှင့် ဒေလီမြို့တော် အ၀င်ပါ နွိုက်ဒါမြို့သစ်
ဂေါတမ်ဗုဒ္ဓတက္ကသိုလ်တို့မှာ ပညာသင်စဉ်က အကြောင်းတွေကို ဗဟိုပြုရေးသားမှာဖြစ်လို့မို့
“ဒေလီအလွမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားသွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒေလီအလွမ်းဆိုတဲ့
ဆောင်းပါးသည် မိမိဘ၀ရဲ့ အိန္ဒိယပညာတော်သင်သွား ခရီးကို စတင်ပုံဖော်တဲ့ ပထမဦးဆုံး ဆောင်းပါးလည်းဖြစ်လို့
ဒေလီအလွမ်းဆိုတဲ့ နာမည်နဲ့ ခေါင်းစဉ်ပေးရခြင်းပါပဲ။ ဒီစာအုပ်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းနိဒါန်းကတော့
မိမိအနန္တကျေးဇူးတော်ရှင် ဆရာတော်မိန့်တော်မူတဲ့
အတိုင်း အနန္တကျေးဇူးတော်ရှင် ဆရာတော်ဘုရားနှင့်
့ ဆရာကြီးဦးငွေဝင်းတို့ရဲ့ လိုလိုလားလား တိုက်တွန်း တောင်းပန်ချက်ကြောင့် ကြိုးစား၍
ရေးသားခဲ့ပါသည်ဟု ၀န်ခံကတိစကားပြောပါရစေ။ ဒါကြောင့် ယ္ခုစာအုပ်ကို အိန္ဒိယနိုင်ငံရဲ့
ြ့မို့တော် ဒေလီကိုလွမ်းရင်းဖြင့် ဒေလီအလွမ်းဆိုတဲ့ မိမိဘ၀ရဲ့ အစပထမစာပေလက်ရာ ဆောင်းပါးဦးဖြင့်
အထူးတစ်ဖန် တင်ဆက်ပါရစေတော့ဘုရားးးးးးးးး
ဒေလီအလွမ်း (သို့) မျက်ရည်ကျရင် ယောကျာ်း မဟုတ်ဘူး
(ယ္ခုဆောင်းပါးကတော့ မိမိရဲ့ ပညာသင်သွားခါနီး
တကယ့်အဖြစ်အပျက်ကို တတ်နိုင်သမျှ ခရစေ့တွင်းကျ အသေးစိတ်ပုံဖော်ထားတာဖြစ်လို့
စာတတ်ပေတတ် ရဟန်းတစ်ပါး၊ တရားဟောဓမ္မကထိကတစ်ပါး အမြင်နဲ့ မမြင်ဘဲ၊ တစ်မြေရပ်ခြား
နိုင်ငံခြားသို့ ပညာသင်သွားရရှာသော ရဟန်းငယ် တစ်ပါးရဲ့ အဖြစ် အမြင်ဖြင့်သာ
ခံစားဖတ်ရှု့ပေးကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်)
ညီမလေးရေ (မိမိညီမအရင်းကို
ရေးပေးသော စာဖြစ်ပါသည်၊ ဒါကြောင့် ညီအစ်ကို မောင်နှမအသုံးနှုန်းများသာ
သုံးဖြစ်ခဲ့သည်)----အများသူငါ ပြောနေကြတဲ့ စကားကလေး တခုကတော့ “မျက်ရည်ကျရင်
ယောကျာ်း မဟုတ်ဘူးတဲ့”။ဘယ်လောက်မှားပြီး၊ ဘယ်လောက်မှန်တယ်၊ ဆိုတာတော့
သုတေသနမလုပ်မိဘူး။ ဒါပေမယ့် ခြွင်းချက်ရှိတယ်လို့တော့ ထင်မိတယ်။ တို့
သီတဂူက ဦးဇင်းတစ်ပါး အရင်နှစ်က သီရိလကာင်္ကို ပညာတော်သင် သွားတော့၊
စစ်ကိုင်းမြတ်မန္တလာထွန်း ကားဂိတ်မှာ အောက်က လိုက်ပို့တဲ့သူ့ ဒကာဒကာမတွေက ၊
လိုက်ပို့ကြရင်း၊ တစ်ဦးနဲ့ တစ်ဦး ခွဲခွါကာနီး လွမ်းလို့ ငိုနေကြတာပေါ့။ ကားအောက်လိုက်ပို့ကြသူ
ဒကာဒကာမတွေကလည်း မျက်ရည်တွေရွှဲ နှာခေါင်းတစ်ရှုံ့ရှုံ့၊ ကားပေါ်က ဦးဇင်းကလည်း
မျက်ရည်တွေနဲ့ ငိုပွဲဆင်နေကြတာပေါ့။ အဲဒီတော့ အကိုက အထက်နဲ့အောက်
မြင်ကွင်းကိုကြည့်ပြီး -အော် ငါများတကယ်လို နိုင်ငံခြားကို သွားရင်
ဘယ်သူတွေလိုက်ပို့လို့ ငိုပြီး၊ လိုက်ပို့ခံရသူ ငါကလည်း
ဘယ်လိုနေမှာပါလိမ့်နော်လို့ ကြိုပြီးတော့ တွေးမိတာပေါ့။
ဒါနဲ့နောက်နှစ် ၂၀၁၀ ရောက်တော့ အကိုလည်း ဒေလီကို
ပညာသင် ထွက်လာတာပေါ့ ။ အကို ပညာသင်ထွက်လာတော့ အကို့ကို လိုက်ပို့တဲ့ ဒကာဒကာမဆိုတာ
ဟို အရင်နှစ်က ဦးဇင်းလို ဒကာဒကာမတွေ မပါကြဘူး။ဒါကြောင့် အောက်ကလည်း
ငိုမယ့်သူမရှိသလို၊ အပေါ်ကလည်း မျက်ရည်မ၀ိုင်းမိတော့ ဘူးလေ။ ဒါပေမယ့် ကားဂိတ်ကတော့
စစ်ကိုင်းမြတ်မန္တလားထွန်းပါဘဲ။(ကားဂိတ်ချင်းတူတယ်၊ ပညာသင်ထွက်ပုံချင်
တူတယ်။နိုင်ငံဘဲကွာတာ။ အကိုတို့ကတော့ အိန္ဒိယ နိုင်ငံရဲ့ ဒေလီတက္ကသိုလ်)ဒါကြောင့်
အကို့ စိတ်တွေကတော့ ဒေလီကို ဦးတည်နေတာပေါ့.။( ဒေလီဆို တာ အိန္ဒိယ နိုင်ငံရဲ့ မြို့
တော်တဲ့ အရင်တုန်းက ဒေလီ နောက် အင်္ဂလိပ်ခေတ်ရောက်တော့ အစိုးရ ရုံးတွေစိုက်ပြီး
နေရာချဲ့လိုက်တော့ နယူးဒေလီ ဆိုတာဖြစ်လာတာတဲ့ အဲဒီ နယူးဒေလီကြောင့် အရင်ဒေလီက
အိုးဒေလီ ဆိုပြီး ဖြစ်သွား ၊ နောက်တော့ နယူးဒေလီနဲ့ အိုးဒေလီကို ၂ ခုပေါင်းပြီး
ဒေလီ ဆိုပြီး ပြန်ဖြစ်လာတာတဲ့ ဒါက ဒီရောက်မှ သိရတဲ့ ဗဟုသုတအကျဉ်းလေးပေါ့)။ ခုနက
အကိုပြောနေတာက စစ်ကိုင်းဂိတ်မှာနော် ။ကာကြီးကလည်း သူ့ရဲ့ပန်းတိုင်ရန်ကုန်ကို
ဦးတည်ပြီး ထွက်ခွါနေသလို၊ အကို့စိတ်ကလည်း ပန်းတိုင်ရှိရာ ဒေလီမြို့ ကို
ဦးတည်နေလို့ ၊ အဲဒီအချိန်ထိ အလွမ်းတွေမပေါ်သေးဘူး လေ။
အဲဒါနဲ့ စစ်ကိုင်းကနေ ထွက် စစ်ကိုင်းဘုရားတွေကို ၂
နှစ်စာ ဆို ပြီး အငမ်းမရဖူးတာပေါ့။ ဘုရားဖူးနေတဲ့စိတ်ကြောင့်လည်း၊ အလွမ်းဆိုတာ
နေရာမရသေးဘူး ။စစ်ကိုင်းကနေ အမရပူရလည်း ၀င်ရော လူနေအိမ်ခြေတွေထဲမှာ
ဥာဏ်တော်ခပ်မြင့်မြင့် စေတီတဆူကိုလည်း ဖူးလိုက်ရရော “ ဟာ---- ငါ ဟာ မြန်မာပြည်ရဲ့ စေတီပုထိုးတွေ၊ ဆွေတွေမျိုးတွေကို စတင်ပြီး
ခွဲခွာရတော့ တာပါလား” ဆိုပြီး---- အဲဒီကစလို့အကို့ရဲ့၊ အလွမ်းတွေ
နိုးထခဲ့တော့တာဘဲလေ။ ဒါပေမယ့် မျက်ရည်တော့ မကျသေးပါဘူး။စွန်ဝဲသလို၊
ဝဲတော့ဝဲနေပြီ၊ ကျခါနီးပေါ့။ ဒါကို အကို ထိန်းထားနိုင်ခဲ့သေးတယ်။
ဒါနဲ့
ရန်ကုန်ရောက် လေယာဉ်လက်မှတ်ရလို့ မြန်မာပြည်ကထွက်ခွါမယ့်နေ့မှာတော့။ အဖေအမေနဲ့
ဆွေမျိုး ဒကာဒကာမတွေ လူကြီးငယ်တွေ တော်တော်စုံစုံလင်ပါလာတာပေါ့လေ။ သူတို့လည်း
လေယာဉ်ကွင်းကို လိုက်ပို့ကြ။ အမှတ်တရ ဓာတ်ပုံတွေရိုတ်ကြပေါ့ ။ အဲဒါလေးတွေပြီးလို့လေယာဉ်ကွင်းထဲဝင်ရတော့မယ်ဆိုတော့
၊ ကိုယ်ယူထားတဲ့ ၊တွန်းလှည်းလေးပေါ်ကိုယ့်ပစ္စည်းလေးတွေတင်၊ ကို့အိတ်ကို ကို ဆွဲပြီး
ကောင်တာမှာ သွားပြီး တန်ချိန်စစ် luggage လုပ်သင့်တာလုပ်ပေါ့။ အဲဒီလို
အလုပ်ရှုပ်နေတော့ အဖေအမေတို့ကို သတိမရနိုင်ဘူးလေ။အင်း--
အဲဒါလေးတွေလည်းပြီးလို့၊ နောက်ကိုလည်း လှည့်ကြည့်လိုက်ရော -- ---အတွင်းခရီးသွားသူ၊
အပြင်ကလိုက်ပို့သူတွေကို ၊စီးခြားထား၊ ကာထားတဲ့ မှန်ပြားကြီးပေါ်မှာ၊ နှဖူးနဲ့
လက်တင်ပြီး ဦးဇင်းကို လှမ်းမျှော် ကြည့်နေကြတဲ့ မိဘဆွေမျိုးတွေရဲ့
ကြောင်တောင်တောင် ငေးကြည့်နေကြတဲ့ သံယောဇဉ် မျက်ဝန်းပေါင်းစုံကို တွေ့မိ
မြင်မိသွားတာပေါ့၊ အဲဒါနဲ့ အကိုလည်း သွားပြီး နှုတ်ဆက်စကားပြောဦးမှဘဲ ဆိုပြီး
သူတို့ရှိနေတဲ့ မှန်ပြင်နား ခပ်သုတ်သုတ်သွားပြီး အကိုကစပြီး ‘ သွား- တော့ မယ် နော်
“ လို့ နှုတ်ဆက် စကားပြောမိတာပေါ့လေ။ ဒါပေမယ့် အဖေတို့ အမေတို့တတွေက
ဘာမှပြန်မပြောကြဘူးလေ။ ဘယ်ပြော နိုင်ပါ့မလဲ။ မှန်ပြင်ကြီးက ချားထားတာဆိုတော့ မြင်တာမြင်
မကြင်ရဆိုတာလို သူတို့တွေဟာ အကိုပြောခဲ့တဲ့ နှုတ်နဲ့ဆက်သွယ်ပြီး ပြောခဲ့တဲ့
အကို့ရဲ့ နှုတ်ဆက်စကားကို ဘယ်ကြားနိုင်ပါ့မလဲ။ ဒါကို အကိုက
မသိခဲ့ဘူးလေ၊သတိမထားမိဘူးပေါ့၊ အကို့ရဲ့ စိတ်ကူးက လက်ချင်းဆွဲ၊ရင်ချင်းဟတ်ပြီး
နှုတ်ဆက်ခွင့်မရရင်တောင်မှ နှုတ်ကလေးနဲ့တော့ ဆက်သွယ်ခွင့် ရမယ်ထင်ခဲ့တာ။ဒါကြောင့် နှုတ်ဆက်စကားကို
ငါလည်း ပြောမယ် အမေတို့လည်း ပြော။ အမေတို့လည်း နားထောင်၊ ငါးလည်းနားထောင်မယ်
မိဘနဲ့သားသမီး အကိုနဲ့ ညီမ ။ ဆရာ နဲ့ ဒကာ တ၀ကြီးပြောကမယ်ပေါ့ ။ ခုတော့ အဲလိုမဟုတ်ဘူး
အဲဒီအချိနှ်မှာ အကိုယ့်အဖြစ်က ဘာနဲ့တူလည်း သိလား မှန်ပြတင်းအကြည်တွေတတ်ထားတဲ့
အဆောက်ဦးကြီးတွေမှာ မှီခိုနေကြတဲ့ စာလေးတွေ ခိုလေးတွေလိုပါဘဲ။ သူတို့လေးတွေဟာလေ
သူတို့နေနေတဲ့ အဆောက်ဦးထဲကနေ အပြင်ကို ထွက်ချင်ကြတဲ့ အခါ မှန်ကိုလည်း
မှန်မှန်းမသိဘဲ နဲ့ သူတို့ ရဲ့ ပျံသန်းနေကြအရှိန်အတိုင်း သူတို့လမ်းကြောင်းမှာ
ဘာအတားအဆီမှ မရှိဘူးဆိုပြီး အားနဲ့ မာန်နဲ့ ပြန်သန်းထွက်လိုက်တဲ့ အခါ မှာ သူတို့တွေ
ဟာ ရှေ့က ကာဆီးထားတဲ့ မှန်အကြည်ပြင်ကြီးကို ခေါင်းနဲ့ တို့မိကြတာ
ရင်နဲ့ဆာင့်မိကြတာပေါ့ကွယ်။ တချို့တတွေကျတော့လည်း လမ်းကြောင်း ပြောင်းကြတယ်။
တချို့တလေကျတော့လည်း လမ်းကြောင်းမပြောင်းဘဲ မှန်မျက်နှာပြင်ကိုဘဲ ဝေဟင်မှတ်ပြီး
အကြိမ်ကြိမ် ခေါင်းတိုးမိ ရင်ခွေ့မိကြတဲ့အခါ ၊သူတိ့လေးတွေခမျာ
ခေါင်းကွဲပြီး သေသွားရှာကြတဲ့ မှန်နန်းစံအိမ်မှာ နေကြတဲ့ စာလေးတွေ
ငှက်လေးတွေကိုအကို ခဏခဏတွေ့ဖူးတယ်လေ တယ်လေ။ ညီမလေးလည်း တွေ့ဖူးမှာပါ။ အဲဒီတော့ အကိုကြီးကဘယ်လို
တွေးမိလဲသိလား။
အော်- ငါ -ဟာ အခုတော့လည်း ငါတွေ့ဖူးတဲ့ စားလေးတွေ
ခိုလေးတွေလို ပါဘဲလားလို့ တွေ့မိသွားတယ်လေ ။ ဒါမေမယ့် အကိုဟာ အသိဥာဏ်ရှိတဲ့
လူသားတစ်ယောက်ပါ။ ခေါင်းအကွဲခံပြီး နံရံကို ခေါင်းနဲ့လည်း မတိုးဝှေးဘူး လက်သီးနဲ့
လည်း မထိုး ပစ်ဘူး ။ဒီတော့ အကို ဘာလုပ်လဲ သိလား။ စကားမပြောရ စာနဲ့ရေးမယ်ဆိုပြီး
စာအုပ်နဲ့ ဘောပင်ကို ရှာလိုက်တယ်။ ကံဆိုး ကံကောင်းတ၀က် စီဘဲ handcarry ထဲမှာ
ဘောပင်သာပါလာပြီးတော့ စာအုပ်က ပါမလာဘူး luggage ထဲမှာ ပါသွားတယ်လေ။ ဒါနဲ့ အကိုလည်း
ဘယ်ရမလဲ စာရေးစရာ လိုက်ရှာလိုက်တာ နဲနဲခြောက်နေတဲ့ ။ မျက်နှာသုတ် တစ်ရှုးလေး ကို
သတိရပြီး စာလေးရေးပြလိုက်တယ် " မြင်နေရပြီး စကားပြောလို့ မရတာ ၀မ်းနည်း
လိုက်တာ" လို့ဆိုပြီး ရေးပြလိုက်တယ် ( ခရုမှာလည်း အဆံနဲ့ လူမှာလည်း
အကြံနဲ့လေ) အဲဒီလို ရေးပြနေတဲ့အချိန်တို အတွင်းလေးမှာဘဲ ဘယ်က
ဘယ်လိုရောက်လာမှန်းမသိတဲ့ မျက်ရည်တွေက ငါ့မျက်ဝန်းကနေ အပြင်ထွက်ဘို့ သူ့ထက်ငါ
အလုအယက်ဝိုင်းပြုံပြီး တိုးဝှေ့နေကြပြီလေ ။ အကို့မျရည်တွေဝဲနေ ၀ိုင်းနေပြီ
ညီမ။
ဒါကြောင့် အကိုလည်းအမေတို့ ၀မ်းနည်းမှာ စိုးလို့
မှန်နားကနေ ချက်ခြင်းအမြန်ခွာ ခေါင်းကိုမော့ပြီး နောက်ကိုဆုတ်ခဲ့တယ်၊ (၀မ်းနည်းတာ
ခေါင်းမော့စရာလားလို့ မတွေးလိုက်နဲ့ ခေါင်းမမော့ရင် ငါ့မျက်ရည်တွေ အမေ့တို့ရှေ့မှာ
တောက်တောက်ကျတော့မှာလေ။ ငါမျက်ရည်တောက်တောက်ကျရင် ငါ့ကိုချစ်တဲ့ မွေးမိခင်
ငါ့အမေမျက်ရည်တွေဟာ အိုင်ထွန်းသွားမှာပေါ့) ခေါင်းမော့ နောက်ဆုတ်ပြီး
လေယာဉ်ကွင်းရဲ့ မျက်နှာကျက်ကို မျက်တောင်ခဏခဏ ပုတ်လို့ကြည့်ရင်း အကို့မျက်ရည်တွေက
မျက်တောင်တွေ မျက်ခမ်းတွေနားလောက်တင်ဘဲ စိုစွတ်ရုံနဲပြီးသွားခဲ့တာပေါ့။ ဒါနဲ့
နောက်တကြိမ် သက်ပျင်းရှည် တချက်ချ ၊ အားတင်းပြီး မှန်အနားကို ပြန်သွား
စာလေးတွေ ခိုလေးတွေလို မသိလို့တော့ မဟုတ်ပါဘူး။ အမေတို့ အဖေတို့ကို နှုတ်ဆက်ဘို့ပေါ့
မှန်နားကို ရောက်ပြန်တဲ့ အခါ ၊ မျက်ရည်တွေကလည်း သူတို့ကျရမယ့် သူတို့
စီးဆင်းရမယ့် ၊ နေရာကို တမင်မှတ်မိနေသလို တောက်ရှောက် ချက်ချင်းရောက်လာကြပြန်တော့
တာပါဘဲ။ အဲဒီအခါ ငါ ဟာ ငါ့ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ငါ့မျက်ရည်တွေကို ငါ
မတားနိုင်ခဲ့တော့ဘူး။
ဒါကြောင့် ဒုတိယအကြိမ်ခေါင်းမော့ပြီး
နောက်ဆုတ်ခဲ့ရတာပေါ။ ဒါကြောင့် အကိုတွေးလိုက်တာက “ဟာ မှန်တိုင်းလည်း မကောင်းဘူး
“လို့လေ၊ အကိုတို့ကို တားထား ခြားထားတဲ့မှန် တချပ်ဟာ အကိုနဲ့
မိဘဆွေမျိုးတွေကြားမှာ ကမ္ဘာကြီးတခုခြားထားသလို ခံစားရတယ် ညီမလေးရာ။
ဒါကြောင့် မှန်တိုင်းမကောင်းဘူးလို့ လေ။ အဲဒီဒုတိယ အကြိမ်နောက်ပြန်ဆုတ်
လမ်းလျှောက်ချိန်မှာတော့ အကို့မျက်ရည်တွေဟာ မော့ထားထားတဲ့ ခေါင်းပေါ်မှာ
မနေတော့ဘူး၊ မျက်နှာကျက်ကို မော်ကြည့်နေတဲ့ အကို့ မျက်နှာပြင်ပေါ်ကနေ တအီအီမည်ပြီး
ကဆုန်ပေါက်ကာ ၊ဆင်းသွားကြလေရဲ့။ ဒီတော့ အကို အဖြစ်ဟာလေ ၊ မှန်ပြင်ကို ဝေဟင်ထင်ပြီးတော့
တို့ဝှေ့ကြတဲ့ ငှက်ကလေးတွေလို ခေါင်းတို့ ရင်တို့ကွဲပြီး အဖြစ်ဆိုးနဲ့ ၊
အသက်မဆုံးရှုံးခဲ့ရပေမယ့် ရင်ထဲမှာတော့ ခုချိန်ထိ အနာ မကျက်သေးဘူး ညီမလေး။
မျက်ဝန်းထဲ မှာ အမေနဲ့ ကိုယ့်နိုင်ငံကိုယ့်ပြည်ကိုလွမ်းတဲ့ မျက်ရည်တွေ ခုတောင်
တွေးရင်း ရေးရင်း၊ အောက်ဆင်းကျဘို့ နေရာအနှံ့မှာရှိနေကြတုန်း လေ ။ ပြန်တွေးမိတဲ့
ခုချိန်ထိ မျက်ရည်ဝိုင်းနေသေးတယ်။ အကို အခု အမေနဲ့ မြန်မာပြည်ကိုလွမ်းလို့
ဒေလီမှာ မျက်ရည်ကျနေမိတယ် ။ အကိုက ယောကျာ်ဖြစ်ရဲ့သားနဲ့ လွမ်းတာလောက်နဲ့
မျက်ရည်ကျရသလားလို့ အပြစ်တင်မစောပါနဲ့ ညီမလေးရေ “ အကိုက ယောကျာ်ဖြစ်ရဲ့သားနဲ့
ဦးဇင်းတစ်ပါး ဖြစ်ရဲ့သားနဲ့ အကို ငိုနေတယ်လို့ အမေကို မပြောလိုက်နဲ့နော်
။အကိုငိုတာမဟုတ်ပါဘူး လွမ်းလို့ မျက်ရည်ကျမိတာပါ ။ဘာလို့လဲ ဆိုတော့
အကိုမျက်ရည်ကျတာသိရင် အမေငိုမှာစိုးလို့ပါ ညီမလေးရာ။”အကိုကတော့
ဒေလီကိုသွားတဲ့ပြည်ထွက်ခရီးမှာ လွမ်းလို့ စီးကျလာခဲ့ရတဲ့ မျက်ရည်လေးတွေမို့
ဒါလေးတွေကို “ဒေလီအလွမ်း “ လို့ နာမည်ပေးလိုက်ပြီ ညီမလေးရေ--- ---------။
ဒါက ပထမ ဒေလီရောက်စက ခံစားချက်တွေပေါ့။ တကယ်ပါ တကယ်ပါ
အမေ့ကို လွမ်းလို့ ငိုရ မျက်ရည်ကျရတာ
ဒီတစ်ခါတင်မဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါပါပဲ။ တစ်ခါကဆို အမေ့ကို လွမ်းလို့
ဖုန်းဆက်ပြီး အမေလို့ ခေါ်လိုက်တာ နောက်တော့ ဘာစကားမှ မပြောနိုင်ဘူးးးးး ရင်ထဲ
ဝမ်းနဲလုံးကြီးဆို့နေတာ။ အဲဒီတော့ အမေက ပြန်ပြောတယ် ဘာပြောမှာလဲ ပြောလေတဲ့
အဲဒီတော့ မိမိပြန်ပြောလိုက်တဲ့ စကားက “ဘာမှ မဟုတ်ပါဘူး အမေရာ လွမ်းလို့ပါ” လို့
ပြောပြီး ဖုန်းချပြီး တစ်ပါးတည်းးးး အရသာရှိရှိ မျက်ရည်ကျခဲ့မိတယ်။
“အော် တပြေဆီက ဒေလီအလွမ်း၊ ရဟန်းတောင်မှ
မျက်ရည်စုံဝေ့ လွမ်းငွေ့ငွေ့……”
ရန်ကုန် ဘန်ကောက် ဒေလီ
ရန်ကုန်လေဆိပ်ထွက်ခွါ (departure) ကနေ လေယာဉ်ဆီကို
သွားကြတော့ အထုတ်ကိုယ်စီပိုက်ချီလို့ ကိုယ့်လေယာဉ်လက်မှတ် ကိုယ့်ပတစ်ပို့ကို
မြဲမြံစွာဆုတ်ကိုင်ပြီး ကိုယ့်ထိုင်ခုံရှိရာဆီ ဦးတည်သွားခဲ့ကြရတယ်။ အဲဒီအခါမှာ
ဘယ်အလွမ်းမှ ကိုယ့်စိတ်ထဲမှာ မလွမ်းမိုးနိုင်ကြတော့ဘူး။ အားလုံးဟာ
သတိဝီရိယကိုယ်စီနဲ့ ဖွင့်ထားသော မျက်စိနားများဖြင့်သာ
ကိုယ့်ခရီးကိုယ်ချီတက်လာကြတယ်။ အဲဒီအခါမိမိတို့ သီတဂူက ကျောင်းသားအုပ်စုရယ် အပြင်က
မြန်မာကျောင်းသားအုပ်စုရယ် ဆိုပြီး အုပ်စုနှစ်စုရှိတယ်။ မိမိတို့သီတဂူအုပ်စုကတော့
ဘာမှ ထူးထူးဆန်းဆန်း မရှိဘူး သီတဂူက အာရုံဆွမ်းဘုဉ်းပေးပြီးလာကြတယ်။ ပြီးရင်
လေယာဉ်ပေါ်မှာ လေယာဉ်က ကပ်တာဘုဉ်းပေးမယ်ဆိုပြီး စီစဉ်လာခဲ့ကြတယ် (အဆင်မပြေလည်း
မစားရုံပေါ့ဆိုပြီး မိမိကတော့ ပြင်ဆင်ထားတယ်။ ခရီးသွားတယ်ဆိုတာ အဆင်မပြေရင်
ဆင်းရဲမယ်ဆိုတာ သိထားပြီးသား။ ဒါပေမယ့်
အပြင်က ကျောင်းသားရဟန်းတော်အုပ်စုအဖွဲ့ကတော့ ဆွမ်းထုတ်တွေလား
ဒန်ပေါက်က်ထုတ်တွေလားတော့ မသိဘူး။ သူတို့နေရာယူပြီးမှ လာပို့ခိုင်းတာကိုတွေ့ရတယ်။
ဒါကိုကြည့်ပြီး အော် ဒီလိုလည်း စီမံလို့ ရသလားဆိုတာ မိမိလေ့လာသတိထားမိတယ်။ နေရာထိုင်ခုံမှာကျတော့ မိမိတို့နောက်က သီတဂူက
ကပ္ပိယ ဒကာကြီးတစ်ဦးပါလာတယ်။ သူကတော့ ဘန်ကောက်ကို ခဏတိုင်း သွားနေပုံရတယ်။
ဒါကြောင့် သူ့ကို မိမိက ဘန်ကောက်လေဆိပ် အသွားအလာ အပြောင်းအလွဲကို
လေ့လာမေးမြန်းထားတယ်။ အဲဒါနဲ့ လေဆိပ်ထဲရောက်တော့ သူက သူလမ်းမခွဲခင်အထိ သူသိသမျှ
လမ်းညွန်ပြခဲ့ပြီး သူကတော့ ဘန်ကောက်မှာ ထွက်နေခဲ့တယ်။ မိမိတို့ကတော့ international
transit ကို လိုက်ရှာပြီး ရင်တစ်ခုန်ခုန်နဲ့ ခရီးဆက်ကြရတယ်။ သေချာတာကတော့
အားလုံးဟာ ရောင်ဝါးသမားတွေချည်းပဲ။ သူရော
ကိုယ်ရော ဘယ်သူမှ ဘယ်ကို
ဘယ်လိုသွားရမယ်ဆိုတာ ရေရေရာရာတိတိကျကျ မသိကြဘူး။
အဲဒီအထဲမှာ သီတဂူဆရာတော်နဲ့ အိန္ဒိယရောက်ဖူးတဲ့
နောင်တော်ဘုန်းကြီးတစ်ပါးကို နဲနဲခေါင်းဆောင်တင်ပြီး သူက ဆရာတော်နဲ့ သွားဖူးတဲ့
အခါတုန်းက စောင့်ရမယ့် ဂိတ်ပေါက်မှာ ထိုင်ပြီးစောင့်ရမယ်ဆိုလို့ အဲဒီမှာ
ထိုင်စောင့်နေကြတယ်။ ဒါပေမယ့် အဲဒီဂိတ်မှာက ဘယ်သူမှ မရှိကြသေးဘူး။ ဒါနဲ့ မိမိက
ဟိုသွားဒီသွား သွားပြီး Led Board တွေကို ကြည့်တဲ့အခါ မိမိတို့ စောင့်နေတာ
မှားနေတာကိုတွေ့ရတယ်။ သေချာအောင် အနားမှာရှိတဲ့ မွတ်စလင်ကုလားမ သားအမိကိုလည်း
မေးကြည့်တော့ ဟုတ်တယ် မှားနေတဲ့ အကြောင်းပြောပြတယ်။ ဆိုပါစို့ မိမိ
အမှန်တကယ်စောင့်ရမှာက D မှာစောင့်ရမှာကို မိမိတို့က C မှာ
စောင့်နေကြမိတာမျိုးပေါ့။ အဲဒါနဲ့ အားလုံးဂိတ်ပြောင်းပြီး ဂိတ်မှန်ရောက်အောင် ကြိုးစားရှာဖွေကြလို့ ဒေလီကိုထွက်ရမယ့်
ဂိတ်မှန်ကို အားလုံးရောက်ခဲ့ကြတယ်။ ထိုင်းလေဆိပ်က အင်မတန်ကြီးတာဆိုတော့ အဲဒီလို
transit အပြောင်းလွဲလုပ်တဲ့အခါ တော်တော် ခက်ခဲတယ်။ အဲဒီလို transit လုပ်ဘို့
ရန်ကုန်ကဖြစ်စေ တစ်ခြားအိန္ဒိယတို့စတဲ့ မိမိလာခဲ့ရာ နိုင်ငံကဖြစ်စေ transit
လုပ်ရမယ့် ဂိတ်ကို ရေးတော့ ရေးပေးလိုက်တာပါပဲ။ တစ်ခါတစ်လေ
အတိအကျမှန်တယ်။တစ်ခါတစ်လေ အပြောင်းလွဲဖြစ်တတ်တယ်။ ဒါကိုသတိပြုရမယ်။ အဲဒီအခါ
မိမိသိသမျှ လမ်းကြောင်းတွေကတော့ မိမိသွားလိုတဲ့ ဂိတ်ကို အတိအကျမသိရင် Information
Counter တွေမှာ မေးရင်လည်း သိနိုင်တယ်။ မမေးရင်လလည်း ခုနကပြောခဲ့တဲ့ Led Electric
Board တွေမှာ ကိုယ်တိုင် လေယာဉ်လက်မှတ်နဲ့ သေချာတိုက်ပြီး
စောင့်ကြသည့်လေ့လာနိုင်တယ်။ ဒါပေမယ့် နှစ်မျိုးစလုံးမှာ အချိန်စောလွန်းရင်
အပြောင်းအလွဲရှိတယ်ဆိုတာ မိမိတော့ ကြုံဖူးတယ်။ တစ်ကြိမ်မှာ Information ကောင်တာမှာ
မေးဖူးတယ်။ သူပြောတဲ့ ဂိတ်ကို မိမိက
ထိုင်စောင့်နေတယ်။ ဒါပေမယ့် အဖေါ်တွေ တစ်ယောက်မှ ယောက်မလာတော့ လေယာဉ်တစ်စီးလုံးမှာ
တစ်ယောက်မှ ရောက်မလာတော့ တစ်ခုခု မှားနေပြီဆိုတာ သိလို့ အဲဒီကောင်တာကို သွားမေးတော့
ကောင်တာစောင့်လူလည်း ပြောင်းသွားပြီ။ ဂိတ်လည်းပြောင်းသွားတယ်။ နေ့လူနဲ့
ညလူကွာသွားတာ။ ညလူက သူသိသလောက်ပြောပြသွားတာ။ နေ့လေယာဉ်အတွက် နေ့လူကမှ
ပိုအဆင်ပြေတာ။ ဒါကြောင့် ကောင်တာကိုချဉ်း အားကိုးလို့မရဘူး။ Electric Board ကလည်း
စောလွန်းရင် မညွန်ပြသေးဘူး။ ညွန်ပြလည်း အခြေအနေရ ပြောင်းတတ်သေးတာ။ ဒီတော့ သေချာတဲ့
နေရာမှန် ဂိတ်မှန်ကို ရောက်ဘို့အတွက် Information Counter ကိုလည်း စုံစမ်း၊
Electric Board ကိုလည်း ဖတ်ဖတ်ကြည့်၊ မိမိဘေးက ခရီးသည်တွေကလည်း အကဲခတ်ကြည့်
သွားမယ့် ခရီးချင်းတူသလားဆိုတာ မေးကြည့် ဒီလိုမှ အဆင်ပြေမယ်လို့
မိမိနားလည်ခဲ့မိတယ်။
အခုလိုပြောခဲ့တဲ့ မိမိတို့ဒေလီကို သွားမယ့်
ဂိတ်မှာရောက်တော့ အိန္ဒိယကုလားတွေကို အများကြီးတွေ့ရပြီ။ အိန္ဒိယကို ရောက်သွားတဲ့
အတိုင်းပဲ။ နောက်ပြီး မြန်မာပြည်က တစ်ချို့ လူအချို့ကိုလည်းတွေ့ရပြီ။ အဲဒီအထဲမှာ
မိမိထူးထူးခြားခြား မှတ်မိတာကတော့ နှလုံးအထူးကုဆရာမ ဒေါက်တာ ဒေါ်အေးအေးအောင်ပါပဲ။
သူ့ကိုမှတ်မိတာက မိမိအဖေဆေးခန်းပြဖူးတာကြောင့်ဖြစ်ပါတယ်။ သူ့ဆီကတော့ မိမိတို့အထဲက
နောင်ကြီးဦးဇင်းတစ်ပါးအတွက် အကူညီတောင်းခဲ့သသေးတယ်။ အဲဒီနောင်ကြီးဦးဇင်းက
ပစ္စည်းများတယ်။ မြန်မာပြည်ကနေထွက်လာတော့ တစ်ပိုင်တစ်နိုင်ကိုယ်နဲ့ သယ်လို့ရတဲ့
ပစ္စည်း hand carry မှာများပေမယ့် မြန်မာပြည်ကတော့ ခွင့်ပေးလိုက်တယ်။
ဘန်ကောက်လေဆိပ်ရောက်တော့ မရတော့ဘူး။ ဒါကြောင် တစ်ချို့ကို Luggage ထဲပြောင်းရတယ်။
အဲဒီပြောင်းတဲ့ အထဲမှာ သူ့ ဒေါ်လာတွေပါသွားလို့ ပြန်ယူဘို့အရေးကို အထူးကုဆရာမကို
ပြောခိုင်းပြီး အကူညီတောင်းခဲ့ရဘူးတယ်။ ဒီနေရာမှာ ပြောချင်တာက ရန်ကုန်က လွှတ်လို့
ရလိုက်ပေမယ့် ထိုင်းရောက်တဲ့အခါကျရင်
တစ်ခါတစ်လေ မရဘူးဆိုတာ သတိပြုစရာပါပဲ။ ဒါကြောင့် ထိုင်းမှာရော
မြန်မာပြည်မှာပါ အဆင်ပြေလောက်တဲ့ အရာမျိုးတွေပဲ Hand carry လုပ်ဖို့
အထူးသတိပြုအပ်ပါတယ်။
ဒီလိုနဲ့ ဘန်ကောက် ဒေလီ TG 306(လေယာဉ်နံပတ် ပြန်စစ်)
တက်ဘို့ သွားကြတဲ့ အထဲမှာ အပြင်သံဃာအုပ်စုထဲက ညီမောင်ဦးဇင်းတစ်ပါး ပြောတာလေးတော့
သတိရမိတယ်။ သူပြောတာက “ ကဲ ဒီနေရာကစပြီး
ဘုန်းကြီးတွေ အခွင့်အရေးကုန်ပြီ” တဲ့။ ဆိုလိုတာက မြန်မာပြည်တို့
ထိုင်းတို့က ဗုဒ္ဓဘာသာနိုင်ငံမို့ ဘုန်းကြီးတွေကို ဦးစားပေးပေမယ့်
အိန္ဒိယမှာကျရင်တော့ ဒီလိုမဟုတ်တော့ဘူးလို့ ဆိုလိုတာပါပဲ။ သူပြောသလိုပါပဲ။
ဒေလီရောက်တော့ ဘုန်းကြီးဆိုလို့ ဘယ်သူကမှ ဘာမှ ထူးအခွင့်အရေး
မပေးတာကြုံရတော့တာပါပဲ။ ဒါကြောင့် ဒေလီရဲ့ ရောက်ခါစ ခရီးကြမ်းကိုတော့ သီးသန့်
တစ်ခန်းဖြင့် ပြန်လည်ခံစား တင်ဆက်ပါဦးမည်။