Tuesday 17 November 2015

သောကများနဲ့ မနက်ဖြန် ၎

 သောကများနဲ့ မနက်ဖြန်

တက္ကသိုလ်အသစ်ကြီးဆိုသို့…………..
စ်ရွာမပြောင်း သူကောင်းမဖြစ်လို့ ပြောရမလားပဲ။ အခြေအနေ အချိန်အခါအရ ကျုပ်တို့ဘ၀တွေဟာ အမျိုးမျိုးပြောင်းလွဲကြရတယ်။ ဒီအခါ အပြောင်းလဲ မှန်ဘို့လိုတယ်။ အပြောင်းအလဲသည် ပစ္စုပ္ပန်နှင့် အနာဂတ်ကို လောင်းခြင်းထပ်ခြင်းဖြစ်သည်။ ပစ္စုပ္ပန်၏တန်ဖိုးကို ကျုပ်တို့ သိပေမယ့် အနာဂတ်ရဲ့ တန်ဖိုးကိုတော့ မဆုံးဖြတ်နိုင်ကြ။ ဒီအခါ ပစ္စုပ္ပန်ကို အနာဂတ်အတွကရင်းနှီးလိုက်ကြရတော့သည်။ ထိုအခါ လှုပ်ရှားမှုအားလုံးသည် ရင်တမမ၊ ဟုတ်မှ ဟုတ်ပါ့မလား။ မှန်မှ မှန်ပါ့မလား။ မှားများသွားပြီလား။ နောက်ဆုတ်မထင်တယ် စသည်ဖြင့် ချီတုံချတုံဖြ်တတ်သည်။ ထို့ကြောင့် အနာဂတ်ကို မှန်းပြီး ပြောင်းလွဲလိုက်သောအခါ ကံသည်လည်း အရေးကြီးသည်။ မျှော်မြင်တတ်တဲ့ ဥာဏ်သည်လည်း အရေးကြီးသည်။ လိုအပ်သလို လုပ်ဆောင်မှု ၀ီရိယလည်း အရေးကြီးသည်။ ကံ၊ဥာဏ်၊ ၀ီရိယ ဒီသုံးခုမှာ ကံက မမြင်နိုင်။ အထူးသဖြင့် အနာဂတ်ကံသည် မမြင်နိုင်။ ထို့ကြောင့် မျက်စိမှတ်ဆုံးဖြတ်တာမျိုး ရှိတတ်ကြသည်။ 

အနာဂတ်တစ်ခုအတွက် မျက်စိမှတ် ဆုံးဖြတ်တာထက် ကောင်းသော ဆုံးဖြတ်ချက်တစ်ခုရှိသည်။ အဲဒါကတော့ ဆုံးဖြတ်ချက် မခခင်မှာ ကုသိုလ်တွေများများလုပ် ကုသိုလ်စိတ်တွေများများဖြစ်စေပြီး ဆုံးဖြတ်ချက်ချလျှင်။ ထိုဆုံးဖြတ်ချက်သည် ကျုပ်တို့ အနာဂတ်အတွက် ကံကောင်းသော အပြောင်းအလွဲကို ဖြစ်ပေါ်စေမယ်လို့ ကျုပ်ယုံကြညခဲ့တယ် ဒါကြောင့် ကျုပ် ဒုတိယအကြိမ်၊ ဟိမ၀န္တာဆိုတဲ့ ဒေသအ၀င်အပါ ဒရမ်စလာဆိုတဲ့ အိန္ဒိယနဲ့ တိဗက် (ယခု တရုတ်) တို့နဲ့ နည်းတဲ့ ဒေသမှာ တရားထိုင်သွားလိုက်ပြန်တယ်။ 

တရားထိုင်တဲ့ ရည်ရွယ်ချက်ကတော့ ၂ ခု။ တစ်ခုက ဟိမ၀န္တာဒေသဆိုတာကို စိတ်ဝင်စားလို့။ ရှေးက သူတော်ကော်း ဘုရားပစ္စေက ဗုဒ္ဓတွေ ပျော်စံရာလို့ စာတွေထဲဖတ်ဘူး မှတ်ဖူးလို့ အဲဒီဒေသကို  တရားထိုင်ဖူးအောင် ထိုင်ချင်တာ။ နောက်တစ်ခုက ဒေလီမှာဆက်မတက်ဘဲ အခု အခြားတက္ကသိုလ်မှာတက်တာသည် မှန်သလား မှားသလားဆိုတာကို သေသေချာချာ ဆုံးဖြတ်ချက် ချချင်လို့ တရားစခန်းဝင်ခဲ့တာ။ အချိန်ကာလာအားဖြင့်ဆို မြန်မာပြည်မှာ ရခိုင်အရေးအခင်းဖြစ်တဲ့ ၂၀၁၂ နွေရာသီအချိန်ပေါ့။ တရားစခန်းကထွက်လာပြီး နယ်ပြောင်းကစားဘို့ ဆုံးဖြတ်ချက် အသေအချာချလိုက်ပြီ။


တက္ကသိုလ်ပြောင်းဘို့ စိတ်ကူးလိုက်ပြီ။ ပြောင်းဘို့စိတ်ကူးပြီးရွေးလိုက်တာက Gautam Buddha University။ တည်ရှိရာက U.P ပြည်နယ်ထဲပါတယ်။ ဒါပေမယ့် ဒေလီဧရိယာဘဲ။ ဒေလီနဲ့နီးတယ်။ စစ်ကိုင်းနဲ့မန္တလေးလိုမျိုးပေါ့။ တိုင်းကွာတယ်။ နေရာဒေသနီးတယ်။ ဒေလီရဲ့ မြို့သစ်လို့ခေါ်ဆိုရမယ။ Noida ကိုပြောင်းခဲ့တယ်။ မြို့သစ်ဆိုတော့ တိုက်တာတွေက သေသေချာချာချာစနစ်တကျဆောက်ထားတာ။ လမ်းတွေကလည်းအကျယ်ကြီးတွေ သစ်ပင်တွေကလည်းစိမ်းလန်းစိုပြေတော့ တက္ကသိုလ်မရောက်ခင် အဝေးပြေးလမ်းမကြီးပေါ်ရောက်တော့ ဘေးကသာယာလှပတဲ့ ရှုခင်းတွေ လေကောင်းကောင်းလေသန့်တွေကို ခံစားရပြီး “ငါဒီတက္ကသိုလ်ကိုသေချာပေါက်နေတော့မယ်” ဆိုပြီး ဆုံးဖြစ်ချက်ချခဲ့တယ်။ အပြင်ရှုခင်းတွေနဲ့တင်ဆုံးဖြတ်ချက်ချခဲ့တာ။
ဒေလီကမြို့ကြီးဆိုတော့ နေ့ည လူသူထူထပ်။ ဆူဆူပူပူ။ ဆူဆူညံညံ။ ညဘယ်အချိန်ထထ ကားသံတွေက တညံညံ။ မကောင်းတာတော့မဟုတ်ဘူး။ လူတွေအများကြီးနဲ့ ၂ နှစ်ပတ်လုံးနေခဲ့ရတော့ လန်းလန်းဆန်းဆန်းနေချင်လာတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့လည်း ဒီတက္ကသိုလ်ကိုရွေးခဲ့တယ်။ တက္ကသိုလ်နာမည်က Gautam Buddha University ဂေါတမ်ဗုဒ္ဓတက္ကသိုလ် (ဂေါတမဗုဒ္ဓရဲ့တက္ကသိုလ်)။
မုခ်ဦးဂိတ်နံပတ် ၂ ကနေ၀င်လိုက်တော့ ၀င်ဝင်ချင်းလမ်းမှာတွေ့လိုက်ရတာ Siddhatha path သိဒ္ဓတ္ထလမ်းတဲ့ ရှေ့ဆက်သွားတော့ ရေကန်ကြီးနဲ့ ဗုဒ္ဓရုပ်ပွားတော်အကြီးကြီး။ ဗုဒ္ဓရုပ်ပွားတော်ဘေးမှာကတော့ ဒီတက္ကသိုလ်ကိုတည်ထောင်ခဲ့တဲ့ U.P ပြည်နယ်ရဲ့ဝန်ကြီးချုပ် မာယာဝတီ နဲ့ သူ့ဆရာရုပ်တုကိုပါတွဲပြီးထုထားတယ်။ မာယာဝတီကလည်း ဗုဒ္ဓဘာသာ။ ဒါကြောင့် ဒီတက္ကသိုလ်ဟာ ဗုဒ္ဓဘာသာကိုအထူးပြုတဲ့တက္ကသိုလ်ပါဘဲ။ 


အဲဒီမှာစဉ်းစားမိတာက တစ်ခြားတက္ကသိုလ်တွေထက်စာရင် ကိုယ့်ဗုဒ္ဓဘာသာကိုအလေးထားဦးစားပေးတက္ကသိုလ်မှာ ပိုက်ဆံကုန်ရတာ ကုန်ရကြိုးနပ်တယ်ဆိုပြီး ဒီတက္ကသိုလ်ကို တကယ်နေဘို့  ထပ်မံ ရွေးချယ်ဆုံးဖြစ်လိုက်တယ်။ အစကတော့ မြေစမ်းခရမ်းပျိုးတဲ့သဘောမျိုးနဲ့ လာခဲ့တာ။ လမ်းမှာကလည်းက သစ်ပင်တွေက လယ်ကွင်းတွေ ရူခင်းတွေက စိမ်းစိမ်းစိုဖြစ်နေကလည်းက နေဘို့စိတ်ကူးခဲ့ပြီးသား။
ဒီမှာရောက်တော့ ကန်နဲ့ ဘုရားနဲ့ ဆိုတော့ ထိပ်ဆုံးသို့ ကဗျာထဲကလို “မာလာငွေကန်ရေအေးရယ်နင့် ငှက်တေးကိုအာရုံဆင်လို့” ဆိုသလိုပဲဗျ။ အတွင်းရုံးခန်း ဆရာနဲ့သွားတွေ့၊ ဆရာကလည်း ဒီနှစ်မှ ဒေလီတက္ကသိုလ်ကပြောင်းလာတဲ့ သမိုင်းဆရာ။ ဒေလီမှာ ဒီလောက်မခင်ပေမယ့်။ သူကလည်း ရာထူးတိုးနယ်ပြောင်း။ ပြီးတော့ ဒီတက္ကသိုလ်ရဲ့ Buddhist Studies ဌာနက ဒီနှစ်မှ စဖွင့်တာဆိုတော့ ကျောင်းသားတွေကို လိုလိုချင်ချင်လက်ခံတယ်။ကြိုဆိုတယ်။ ၀မ်းမြောက်ဝမ်းသာ ပြောဆိုဆက်ဆံတယ်။
အဲဒီအခါ ကျုပ် အိန္ဒိယဆိုတာကို မေ့သွားပြီး ကိုယ့်ဦးလေးအိမ်။ ကိုယ့်ဦးလေးရှိတဲ့ဆီ အလည်သွားရသလိုအထိကိုခံစားမိတာ။ အဲဒီလောက်အထိကို ပြုစုတာ။ဆက်ဆံတာ။ အပြန်ကျတော့ ကားဂိတ်အထိ ဆရာက ကားနဲ့လိုက်ပို့တာ။ ဆရာ့နာမည်က Dr.Arvind Kumar Singh . ဘ၀မှာကျေးဇူးများတဲ့ဆရာဖြစ်လာပါတယ်။
 ဆရာနဲ့လည်းအများကြီး အများကြီးကိုရင်းနှီးလာပါတယ်။တက္ကသိုလ်ကလည်းအသစ်ဆိုတော့။ ပထမဆုံးမြန်မာပြည်ကကျောင်းသားတွေပါဘဲ။ ၂ ပါးဘဲရှိသေးတယ်။ ကျုပ်တို့ ဌာနမှာ ကျုပ်ရော  နောင်ကြီးဦးတိလောက (ခရမ်း)ရောမှ မြန်မာပြည်က  ၂ ပါးထဲ။ ဗီယက်နာမ်ကတော့ များတယ်။ G.B.U (Gautam Buddha University ) ပထမဆုံးကျောင်းသားတွေဖြစ်သလို၊ မြန်မာပြည်က ပထမဆုံးကျောင်းသားတွေပါဘဲ။ တက္ကသိုလ်ရဲ့ဌာနကလည်း ဒီနှစ်မှစတင်ဖွင့်တာဆိုတော့ ကိုယ့်အတွက်များစောင့်နေသလားလို့တောင် ထင်ရလောက်တယ်။  မြေစမ်းခရမ်းပျိုးတာ အဲဒီပျိုးလိုက်တဲ့ခရမ်း မြေရေလေ ရာသီဥတု အစုံညီလို့ထင်တယ်။ တော်တော်အဆင်ပြေတယ်။ ရေးဖြေဖြေရတဲ့ M.Phil စာမေးပွဲမှာလည်း ပထမရသလို။ ဒုတိယတစ်ဖြတ် ကျမ်းစာရေးပြီး၊ ကျမ်းစာတင်။ပြီးတော့ နှုတ်ဖြေစာမေးပွဲ စာမေးပွဲတွေမှာလည်း အမှတ်အများဆုံး ပထမရခဲ့ပါတယ်။ ကျမ်းကိုလည်း တက္ကသိုလ်တစ်ခုံးရဲ့ M.Phil အတန်းကျောင်းသားတွေထဲမှာ ပထမဆုံးတင်နိုင်ခဲ့တယ်။ ပထမရလို့ ရွှေတံဆိပ်ပေးရင် ကျုပ် ရွှေတံဆိပ်အထိရမှာပေါ့။(ပေးမပေးကတော့တက္ကသိုလ်ရဲ့တုန့်ပြန်မှုပေါ့။ တအားကြီးတော့မမျှော်ပါဘူး။ မျှောရမောလွန်းလို့………..)။ ကျုပ်တော်လို့ ရတယ်လို့ မပြောလိုပါဘူး။ ဘောလုံးစကားနဲ့ ပြောရရင် ပွဲစဉ်ချောင်သွားတာနေမှာပေါ့။ ဒေလီမှာတုန်းကတော့ ကျုပ်ရဲ့ အထက်မှာ လူတွေအများကြီးဗျ။ 
အခု ပထမရလို့ ၀မ်းတအားမသာပေမယ့်ဆရာတွေရဲ့ ယုံကြည်မှုကိုထိန်းပေးနိုင်၊ ပြပေးနိုင်လို့ ကျေနပ်မှုတေ့ ရှိတယ်။ (တစ်ချို့ ဆရာတွေက ကျုပ်ကို စတယ်ထင်ကြတာ။ ကျုပ်တို့အားလုံးလေးစားရတဲ့ ဆရာမကြီး ကဆို အခန်းထဲမှာစာသင်ရင်း သူသံသယရှိတဲဘုန်းကြီးစာပေဆိုင်ရာဆိုရင် "ဘန္တေ  မင်းသိတယ်။ ပြောစမ်း" ဆိုပြီး အတန်းထဲမှာလည်း မေးဖူးတယ်။ ကျုပ်ကလည်း မှားတယ်ထင်တဲ့ ၀ိနည်း သိက္ခာပုဒ်အယူအဆမှာ စာအုပ်ကလေးယူသွားပြီး သူ့အခန်းထဲကျမှ ဆရာမ ဒီဟာကဒီလိုရှိတယ်ဗျဆိုပြီး ထောက်ပြ အကြံဥာဏ်ပေးဖူးတယ်။ အဲဒီတုန်းက သူက ကျေးဇူးတင်နေတာ။ တစ်ခါ အပြင်ရုံးမှာတွေ့တော့လည်း သူသိခင်တာလေး သူ့ရုံးခန်းခေါ်ပြီး မေးဖူးတယ်။

နောက်ဆရာတစ်ယောက်ကဆို ဂေဇတ်အောင်စာရင်းကို ပြတော့ ကျုပ်က ဘာသာတစ်ခုမှာ ex81 ဆိုပြီးရားတာတွေ့တယ်။ အဲဒါကျုပ်တစ်ယောက်ထဲ။ ဒါနဲ့ ကျုပ်လည်းမသိလို့ ဆရာ့ကို မေးတယ် "ရာ ex ဆိုတာ ဘာလဲ" လို့မေးတော့။ Ex ဆိုတာ Excellent တဲ့ အမှတ် 80+မှ ရတာတဲ့။ အဲဒီတော့ ဘေးက ဗီယက်နာမ် ကျောင်းသူက ထပ်မေးတယ်။ ဥာဏ၀ရတော့ excellent ရပြီး ငါ့ကျတော့ ဘာလို့မရတာလဲ မေးတော့။ ဆရာကပြန်ပြောလိုက်တာက " ဥာဏ၀ရ က ငါသင်ထားတာထက် ဖြေနိုင်တယ်" တဲ့။ အဲဒါနဲ့ ရေးဖြေမှာ ကျုပ် ပထမရတယ်။ နောင်အင်တာဗျူးမှာလည်း သူများတွေက ခုနက ပြောခဲ့တဲ့ ဆရာမကြီးဆိုကြောက်ကြတယ်။ ကျုပ်အလှည့်ရောက်တော့ သူကမေးတယ်။
"ဗုဒ္ဓဘာသာက ဒုက္ခအကြောင်းတွေပဲ အမြဲ စောင်းပေးပြောနေတော့ တစ်ချို့က ဗုဒ္ဓဘာသာကို အဆိုးမြင်ဝါဒလို့ ဆိုကြတယ်။ မင်း အဲဒါကို ဘယ်လို သဘောရလဲ" တဲ့။ ဒီတော့ ကျုပ်ဖြေလိုက်တဲ့ အဖြေက 
" မဒမ် (ဆရာမ) မင်းဟာ ငါ့ဆရာမပါ။ ငါဟာ မင်းကျောင်းသားပါ။ ဒီအကြောင်းတွေကို မင်းက အတန်းထဲမှာ သေချာရှင်းပြခဲ့ပြီးပါပြီ" လို့ ကျုပ်က ရိုးရိုးစာကို ကိုးကားမပြဘဲ။ သူသင်တုန်းက အတန်းထဲကရှင်းပြချက်ကို မှတ်မိသည်အထိ ရှင်းပြလိုက်တော့ သူအပါဝင် စ်ခြားဆရာ ၂ ယောက်နဲ့ ဆရာ ၃ သုံးယောက်လုံး တဟားဟားးးးးးနဲ့ ရယ်နေကြတာ" အဲဒီနှုတ်ဖြေ အင်တာဗျးမှာလည်း  သူများတွေက ၇၅၊ ၇၅ မှတ်နဲ့ စံချိန်ချိုးနေကြတဲ့ အချိန်၊ ကျုပ်က ၇၆ နဲ့  အများဆုံးရခဲ့တာပဲ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ သူသင်ပေးတဲ့ အတန်းထဲကအတိုင်း ကိုးကားပြလိုက်တာ ဘယ်ဆရာက မကြိုက်ဘဲ နေမလဲဗျ။ (အတန်းထဲမှာ သူသင်ပြပေးခဲ့တာက ဗုဒ္ဓ၀ါဒသည် ဒုက္ခအကြောင်းကို ဟောထားပေမယ့် အဆိုးမြင်ဝါဒမဟုတ်။ ဘာကြောင့်လည်း ဆိုတော့ ဗုဒ္ဓသသည် ဒုက္ခသက်သက်တာ ဟောခဲ့သည်မဟုတ်။ ဒုက္ခ၏လွတ်ရာနိဗ္ဗာန်၊ ထိုဒုက္ခလွတ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကိုလည်း ဟောခဲ့တာဖြစ်လို့ အမှန်မြင်ဝါဒပါလို့ သူပြောပြသွားခဲ့တာ။) ဘာပဲပြောပြော ဒီလို ဆရာတွေရဲ့ ယုံကြည်မှုရတာလေးတွေတော့ ကျုပ်ကျေနပ်ခဲ့တယ်။ စာလုပ်ခဲ့ရတဲ့ အတွက် အပင်ပန်းခံရကျိုးနပ်တယ်ဗျာ။ 

 
 အဲဒီ M.Phil ကာလဟာ  ပန်းမာလာ ငွေကြာပန်းတို့ရောပြွမ်းပြီး ကြည်လင်အေးချမ်းတဲ့ ရေကန်အေးအေးလေးဘေးမှာ ခနတာ အပန်းဖြေပြီး၊ တီတီတာတာ ပျော်မြူးသီကျူးနေကြတဲ့ ကျေးငှက်သာရကာတို့ရဲ့ အသံလေးတွေကို နားဆင်ပြီး အပန်းဖြေခဲ့တဲ့ကာလပေါ့။ (အဲဒီ M.Phil ကျမ်းကို ဘွဲ့ရယူယုံသက်သက်အတွက်ရေးခဲ့တာမဟုတ်ဘဲ တကယ် သောကလူသားတွေအတွက် သောကဖြေဖျောက်ဆေးကိုရှာဖွေဖော်စပ်တဲ့အနေနဲ့ လူသားတွေအကျိုးပြုဘို့ရည်ရွယ်ချက်နဲ့ပါ ကျုပ် ရင်နဲ့ရင်းပြီး ရေးသားခဲ့တယ်)။ နပိုလီယန်ရဲ့ စကားအတိုင်း အခါအခွင့် သင့်လို့ အရည်အသွေး အရာထင်လာတာထင်ပါရဲ့ဗျာ။ မောက်မာမော်ကြွားလိုစိတ်မရှိပေမယ့် ကျုပ်တယ်လုပ်ခဲ့တဲ့ အကျုပ်အလုပ်အတွက် မှတ်တမ်းလေးတော့ တင်ချင်တာပေါ့။ ဒါကြောင့် ကျုပ် အစုံအစေ့ရေးလိုက်တာ။

 ဒါဆိုရင် ကျုပ်ရင်ထဲကသောကတွေ ငြိမ်းချမ်းပြီလား။ ရင်ထဲမှာ သောကတွေကင်းပြီလားလို့မေးလာကြရင်ဖြင့်။ ကျုပ် ပထမပိုင်းကတည်းက ပြောပြခဲ့တယ်လေ။  
"အာင်မြင်မှုက သက်သက်၊ အေးချမ်းမှုက သက်သက်" ဆိုတာ။
 ပြီးတော့ ကျုပ်ကို အဲဒီမေးခွန်းမေးလာင်
 မနက်ဖြန်ဆိုတာ ရှိသေးလားလို့ ပြန်မေးပါရစေ။
 မနက်ဖြန်ဆိုတာ ရှိသေးရင် ကျုပ်ရင်ထဲက သောက၊ ခင်ဗျားတို့ရင်ထဲက သောကတွေလည်း ရှင်သန်ထမြောက်လာကြဦးမှာပါပဲ။ မနက်ဖြန်ကို တမ်းတခြင်းသည်။ ဘ၀ကိုတမ်းတခြင်းမဟုတ်လား။ ဘ၀ကိုတမ်းကခြင်းသည်။ သောကကို ရင်ဝယ်၌သားငယ်ပမားထိန်းသိမ်းထားခြင်းဖြစ်သည်လို့ နားလည်ထားတယ်။
 ဒါကြောင့် ကျုပ်လည်း သာကထုတ်ကို ပခုံးထမ်း ပြီးခရီးဆက်ရပြန်ပါတယ်။ ဒါတောင်လျှော့ချသင့်သလောက် လောကအနေအားဖြင့်တော့ လျှော့ချခဲ့ပြီးပြီ။ ဓမ္မအနေအားဖြင့်တော့ အစိမ်းသက်သက်ရယ်ပေါ့။ ဒါပေမယ့် ကျုပ် သောကငြိမ်းကြောင်းလမ်းကြောင်ီးသို့ ကျုပ်ဦးတည်ထားတယ်။ ဒါကြောင့် ကျွဲကူးရေပါသဘောမျိုးဖြစ်အောင် စာလည်းသင် သောကတွေလည်းလျော့နိုင်သမျှလျော့အောင် လျှော့ချတဲ့အနေနဲ့  သောကငြိမ်းကြောင်းနည်းလမ်းကောင်းတွေကို Ph.D ကျမ်းပြုတဲ့အခါရေးသားမှာဖြစ်ပါတယ်။ လေ့လာမှာဖြစ်ပါတယ်။ မြန်မာပြည်မှာထင်ရှားတဲ့ ဆရာတော်ဘုရားတို့ရဲ့ တရားအားထုတ်နည်းကို Ph.D ကျမ်းပြုရင်း သောကငြိမ်းကြောင်းနည်းလမ်းကောင်းတွေကိုလေ့လာတင်ပြဘို့ စိတ်ကူးထားတယ်။ဒီ Ph.D ဆိုတဲ့ တောင်ကြီးက ကျုပ်ဘ၀မှာ အမြင်းဆုံးတောင် အရောက်ချင်ဆုံးတောင် 
ကျုပ်မက်ခဲ့တဲ့ အိပ်မက်၊ ကျုပ် ရောက်ချင်တဲ့ မနက်ဖြန်ပဲ။ 
ဒီအတွက် ကျုပ် အချိန်တွေ ငွေတွေ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးနဲ့ချီတက်ရမှာ။ ဆွေပစ် မျိုးပစ်ဆိုတာ ဒါမျိုးပေါ့။ မြန်မာပြည်က အဖွားအိုနဲ့ ဆရာအိုကို ကျုပ်အသေအချာ မပြုစုနိုင်သေးဘူး။ ကျုပ်ကလည်း ချစ်သော ကျုပ်ကိုလည်း ချစ်သော အဖေ အမေ မိဘဆရာသမား စတဲအေးချမ်းတဲ့ အရိပ်တွေ အပြည့်အ၀ရ အပြည့်အ၀ပေးနေတဲ့ မွေးမြေရပ် မြန်မာနိုင်ငံကို ကျုပ်ပြန်မလာနိုင်သေးဘူး။ တစ်ခါတစ်လေ အမေကို လွမ်းလို့ငိုရတာ ခနခန၊ မနေနိုင်တဲ့ အခါ ကျုပ် အမေ့ဆီ ဖုန်းဆက်လိုက်တယ်။ အမေက ယ်လိုလို့ လုပ်တဲ့ အခါ "ဘာမှမဟုတ်ဘူး အမေ၊ အမေ့ကို လွမ်းလို့"လို့ ပြောပြီး ဖုန်းချပစ်လိုက်တယ်။ ဆက်ပြောရင် ကျုပ်ငိုတာ အမေသိမှာလေ။ ပျော်ရာမှာ မနေ တော်ရာမှာနေရ ဆိုတာ ဒါမျိုးနေမှာပေါ့။ ဒါကြောင့် ကျုပ်ရင်ထဲက အလွမ်းတွေကို တိတ်တိတ်လေး သိမ်းထားပြီး အနာဂတ်အတွက် ကြိမ်းဝါးလိုက်တယ် "နနှင့်ဦးပေါ့ မနက်ဖြန်ရယ်"လို့..

သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)





Monday 16 November 2015



သောကများနဲ့ မနက်ဖြန် ၃.
တစ်ရံတစ်ခါ ကံကြမ္မာဇာတ်ဆရာက သံသရာခရီးသွားတွေကို ဇာတ်နာနာထိုးတာရှိသလို မျက်နှာသာပေးတာလည်း ရှိတတ်ပါတယ်။ လမင်းနေမင်းတို့ ထွန်းလင်းတဲ့ ကမ္ဘာ့လူသားတို့ ထုံးစံအတိုင်း မှောင်တလှည့် လင်းတစ်လှည့်တော့ ရှိတာပေါ့။ ဘ၀အမှောင်ကျတဲ့ ကာလာတွေကို ဒုက္ခလို့ဆိုချင်ရင်တောင် အဲဒီဒုက္ခတွေဟာ သဘာကျတဲ့ ဒုက္ခတွေပါပဲ။  ဒီဘ၀အမှောင်တွေက ရှောင်လို့လည်း မရဘူး။ ကွင်းလို့လည်း မရဘူး။ ကိုယ်တိုင်ဖြေရှင်းမှရတာ။ တရားခံ အစစ်ဟာ ကိုယ်တိုင်ပါပဲ။ ဘယ်သူမှ ဘယ်တန်ခိုင်းရှင်မှ ဖန်ဆင်းတာမဟုတ်ဘူး။ ကြုံလာတဲ့ အခက်အခဲ သောကဒုက္ခတွေကို ဖြေရှင်းရမှာပဲ။ ဖြေရှင်မှုမှန်ကန်ဘို့တော့ လိုတယ်။ ကိုယ်က ရိုးသားကြိုးစားနေဘို့လိုတယ်။ သောကဒုက္ခရောက်နေကြတဲ့ ခရီးသွားဧည့်သည်ချင်းအတူတူကို ရှိတဲ့ အသိလေးမျှဝေပေးပါဆိုရင် “ အခါအခွင့် မသင့်သေးခင် အရည်အသွေးဟာ အရာမထင်ဘူး” တဲ့ ပြင်သစ် စစ်ဘုရင်ရဲ့ ဒဿကို ပေးလိုက်မိမှာပဲ။ အခါအခွင့်သင့်တဲ့အခါ ရောက်လာရင် ကျုပ်တို့အရည်အသွေးတွေ ပြည့်နေသင့်တာပေါ့။ အရည်အသွေးတွေဖြည့် ပြီးလို့ အခါအခွင့် သင့်တဲ့တစ်နေ့ဟာ ခင်ဗျားတို့ ခင်ဗျားတို့ ကျုပ်တို့အတွက် အောင်မြင်မှုတောင်ထွတ်ကိုရောက်ပြီး သောကအမောတွေ ပြေတဲ့ အချိန်ပေါ့။
တစ်တောင်ပေါ် တစ်တောင်ဆင့်၊
တောင်အမြင့် ပတ်ခြံရံ။

တစ်တောင်ဆုံး ပြန်တော့၊
တစ်လုံးပြန်ကျန် ပြန်ပေသမို့၊
အဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊
ကြိုးလျှောက်ရပြန်။

တခါတလေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေ ကန်ရေအေးရယ်နှင့်၊
ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊
ချစ်ဖွယ့်လူသား . . .။ “

ငွေတာရီရဲ့ ထိပ်ဆုံးသို့ ကဗျာလေး။ ငယ်ငယ်တုန်းက အတန်းကျောင်းမှာသင်ခဲ့ရတယ်။ပြီးတော့ ကဗျာရဲ့စကားပြေတွေရေးရတယ်။ ငယ်ငယ်တုန်းကတော့ ဘယ်လိုရေးခဲ့ စကားပြေပြန်ခဲ့တယ်မသိတော့ပါဘူး။
အခုတော့အဲဒီကဗျာလေးကို သတိရမှိတယ်။ နားလည်ခံစားမိတာကလည်း နဲနဲပြောင်းလာပြီ။ ခံစားချက်ဆိုတာ အခြေအနေအပေါ်မူတည်ပြီးတော့လည်း ပြောင်းလဲတတ်တယ်မဟုတ်လား။
အခု ကျုပ် M.A အောင်တယ်။ first division ၀င်တယ်။ first division ၀င်အောင်မနည်းကြိုးစားခဲ့ရတာ။ အောင်မှတ်က ၄၀% ရရင်အောင်တယ်။ ရိုးရိုးအောင်တာ။ Ph.D ဆက်မတက်နိုင်ဘူး၊ ၅၀ နဲ့ ၅၅ % အထိက second division. ၆၀% ကျော်မှ first division ၀င်တာ။ first division ၀င်မှ နောက် Ph.D ဆက်ဂျိုင်းရင် အဆင်ပြေတာ။ အောင်ပေမယ့် အမှတ်နဲရင် မရဘူး။ မြန်မာပြည်လိုဆို ကွာလီဖိုင်းမဖြစ်တာပေါ့။ အခုတော့ အောင်တယ်။ first division ၀င်တယ်ဆိုတော့ M.A အတွက် ၂ နှစ်စာသောကလွန်မြောက်ခဲ့ရပြန်ပေါ့။ ဒီကြားထဲမှာ တရားထိုင်တွေလည်းထပ်သွားရ ကုသိုလ်တွေလည်းပိုလုပ်ခဲ့ရတာပ။
ငယ်ငယ်တုန်းက ရေဦးမျြို့အထွက် ဘက်စုံစိုတ်ပျိုးမွေးမြူရေးခြံ နံရံမှာ ရေးထားတာတဲ့ စာသားလိုပဲ။ ဘက်စုံခြံနံရံပေါ်က စာသားက “ စားလို့ရတာ အကုန်စိုတ်” တဲ့။ အခုလည်း ကျုပ်ဖြင့်  အပြစ်မရှိတဲ့ ကုသိုလ်မှန်သမျှ တတ်နိုင်သမျှလုပ်ရတယ်။ သမထဖြစ်စေ ၀ိပဿနာဖြစ်စေ၊ အရွတ် (တစ်ချို့က ပရိတ်ပဌာန်းရွတ်တာကို အရွတ်မို့ အသားလောက်မကောင်းဘူးဆိုပြီး အထင်မကြီးကြဘူး မလုပ်ကြဘူး။) အသားဖြစ်စေ။ မိသလောက် ရသလောက် တတ်နိုင်သမျှ အကုန်လုပ်ခဲ့ရတာ။ စားလို့ရတာ အကုန်စိုတ် ဆိုတဲ့ ဘက်စုံ စီမံကိန်းပဲဗျ။လူချင်းတူအောင်လို့ လုပ်ခဲ့ရတာပါပဲ။ တော်ကြာ သူများပြန်လို့ မောင့်မှာမပြန်နိုင်ဖြစ်နေရင် မြန်မာပြည်က အိမ်က သောကအိုး အဖေတို့ အမေမှန်းတို့ ဘုန်းဘုန်းလဲလိမ့်မယ်။
အဲဒါနဲ့ မြန်မာပြည် အစ်မကြီး ဒေါ်ခင်ဆွေဝင်းဆီဖုန်းဆက်လိုက်တယ်။ စာမေးပွဲအောင်တယ်။ first division ၀င်တယ်။ M.A ပြီးလို့ ဒေါ်တာ ၇ လောက် ၈ ရာလောက်ကျန်သေးတယ်။ နောက်ထပ် အတန်းတက်ရမလား။ ပြန်လာရမလားဆိုတော့ “ဒေါ်လာအတွက်နဲ့ ဆိုပြန်လာမလာနဲ့ သူပို့ပေးလိုက်မယ်။ မြန်မာပြည်မှာက မိုးလေ၀သကမကောင်းတော့ ငွေရှားတယ်။ လေယာဉ်စရိတ်ကုန်နေလိမ့်မယ်။ အိမ်ကမိဘတွေလည်းနေကောင်းကြတယ်တဲ့။ ဘယ်လောက်ခက်ခက် စာမေးပွဲဟာ သက်ရှိမဟုတ်တော့ သက်ရှိဖြစ်တဲ့ လူက သူ့ကို အောင်နိုင်ခဲ့တာမဟုတ်လား။ လှိုင်းကြီးလှေအောက် တောင်ကြီးဖ၀ါးအောက် ဆိုတဲ့ သဘောမျိုးပေါ့။ ကံကြမ္မာဇာတ်ဆရာက မျက်နှာသာပေးတော့ M.A ဆိုတဲ့ တောင်ထိပ်မှာ ခနလေး အမောဖြေလိုက်တယ်။ အမောပြောရုံပဲရှိတာပါ။ သောကတော့ ပြေသေးပါဘူး။ သောက ဆိုတာ လိုချင်မှုရဲ့ နောက်ဆက်တွဲမဟုတ်လား။ နောက်ထပ် တောင်တစ်ခုကိုတက်ဘို့ ကျုပ် ခရီးဆက်လိုက်ပြန်တယ်။ အဲဒီတောင်ကတော့ M.Phil. ဆိုတဲ့ တောင်ထွတ်တစ်ခုပါပဲ။
 ဒေလီတက္ကသိုလ်ကနေ Gautam Buddha University (ဂေါတမ်ဗုဒ္ဓတက္ကသိုလ်) ကို ကွင်းပြောင်း ကစားလိုက်တယ်။ တက္ကသိုလ်ပြောင်း ကျောင်းပြောင်းလို့ အလုပ်ရှုတ်တယ်။ ပန်ပန်းတယ်။ ဗီဇာသက်တမ်းတိုး အလှုပ်ရှုတ်ဆုံး။ ပတ်စပို့ ဗီဇာသည် နိုင်ငံခြားရောက်နေသူတို့ရဲ့ အရေးကြီးတဲ့ဘ၀အစိတ်အပိုင်းပါဘဲ။ ဒီအတွက် အလုပ်ရှုတ် စိတ်ရှုတ်ပေမယ့် လုပ်ရတာပါပဲ။ အင်း ဒီတောင်ရဲ့ စအတက်ကလည်း မော့လှချေလား မသေးပါလားဆိုပြီး သက်ပျင်းချမိပြန်တယ်။ ဒါပေမယ့် ကုတ်ထား ဆွဲထားတဲ့ ခြေတွေလက်တွေတော့ မလွတ်ရဲဘူး။
ကဗျာစာသား တစ်ချို့ကို ရင်ထဲဝင်လာတယ် “ တစ်တောင်ပေါ် တစ်တောင်ဆင့် တောင် အမြင့် ပတ်ခြံရံ၊ တစ်တောင်ဆုံးဆုံးပြန်တော့ တစ်လုံးကျန်ပြန်ပေသမို့၊ ဖန်ဖန်လေ အားအင်နှိုး လို့ရယ် ကြိုးလျှောက်ရပြန်၊ ခါတစ်လေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘု ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ ဖြစ်နိုင်မလား၊ စခဲ့မိဟာ ပေါ့” တဲ့။ သိပ်ထိလိုက်တဲ့ ကဗျာဗျာ။ သူကိုယ်တိုင်တောင်တွေ တက်ပြီးများ ရေးခဲ့လေသလားပဲ။ ကဗျာက ကြိုးစားရုန်းကန်နေကြတဲ့ ကျုပ်တို့လို ဘ၀သမားတွေအတွက်တော့ အန်ဝင်ခွင်ကျဘဲ။ နောက်ပြုတ်မကျစေဘို့ နောက်မဆုတ်စေဘို့ ချီတုတ်ထားတဲ့ တောင်တက်ကြိုးတွေအလားပဲ။  အထူးသဖြင့် ပင်ပန်းလို့ ရပ်မယ်ကြံတိုင်း သတိရမိတဲ့ စာသားလေးက “စခဲ့မိဟာပေါ့” ဆိုတဲ့စာသားလေးပါပဲ။ အင်းလေ ကျုပ်ကလည်း စခဲ့မိတာပဲမဟုတ်လား။
ဘ၀ကိုအောင်မြင်ဘို့ ကြိုးစားလာခဲ့တာ ဟိုးးးးးးးးးးးးးငယ်စဉ်ကလေးထဲကနေ အခုထိဘဲ။ အိပ်မက်ထဲက မနက်ဖြန်တွေကို အဖန်ဖန်ကျော်ဖြတ်ခဲ့တယ်။ အောင်မြင်တယ် မအောင်မြင်တယ်တော့ မသိဘူး။ မောတာကတော့ နားကို မနားဝံ့အောင်ပဲ။ ဘ၀ရဲ့တောင်ကြီးတွေကမြင့်လိုက်တာ။ တစ်တောင်ပြီး တစ်တောင်။ စာမေးပွဲတွေလည်း တစ်ခုပြီးတစ်ခု။ မပြီးနိုင် မဆုံးနိုင်။ ဘ၀အဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့်၊ မြင့်သထက်မြင့်အောင် ကြိုးစားချင်တဲ့ စိတ်ကိုတောင် စိတ်ပျက်ချင်ချင်။ တကယ်ပြောတာ တစ်ခါတစ်လေ လိမ္မာလာတာကြာတော့ မိုက်ကြည့်မိချင်တယ်။ ထိန်းထားတာ ကြာတော့ လွတ်ပေးချင်မိတယ်။
တော်သေးတာ ဒီလို ကဗျာတွေ စာတွေက ကျုပ်တို့လို ဘ၀ခရီးသွားတွေအတွက် အားဆေးတွေ တိုက်ကြွေးနေလို့။ ဆရာက(ကဗျာဆရာက) ဆက်ပြောထားတယ်
“တစ်ခါတစ်လေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘု၊ ရပ်တန်းကရပ်မယ်ကြံ၊ အမှန်တော့ဖြစ်နိုင်မလား။” တဲ့။ ဘယ်ဖြစ်နိုင်မလဲဗျာ။ လူဆိုတာ အသိုင်း အ၀ိုင်းနဲ့။ ဂုဏ်သိက္ခာနဲ့ ရပ်တည်တဲ့ သူဗျ။ ကိုယ်သေမှာ ကိုယ်ဆုံးရှုံးမှာ အရှုံးပေးရမှာ ဒူးညွတ်ရမှာ မကြောက်ပေမယ့် ကိုယ့် ချစ်တဲ့ ကိုယ့် မိသားစု အသိုင်းဝိုင်း ပတ်ဝန်းကျင်၊ နိုင်ငံ လောကအတွက် ရှေးရှေးခေါင်းဆောင်တွေ လောကဓံတိုက်ပွဲကို ရင်ဆိုင်ရင်း ခေါင်းထောင်ပြသွားခဲ့တာမဟုတ်လား။ ဘာပဲပြောပြော ကျုပ်ကလည်း ကျုပ်ကို ချစ်ခင်တန်ဖိုးထားတဲ့ အသိုင်းအ၀ိုင်းသေးသေးတွေအတွက်တော့ ကျုပ် ခေါင်းမော့ ရင်ကော့ထားဦးမယ်ဗျာ။


အိန္ဒိယစာသင်ရတာတော်တော်ပင်ပန်းဆင်းရဲပါတယ်။ ငွေရှိယုံနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် တစ်ချို့ဆိုပြန်တောင်ပြေးချင်ကြတယ်။ တစ်ချို့ဆို M.A စာမေးပွဲပြီးတော့ ပြန်တောင်မလာကြတော့ဘူး။ ငွေကြေးထောက်ပံ့ပေးမယ့်သူ ရှိရှိမရှိရှိ မလာတော့ဘူးဆိုပြီး ဆုံးဖြတ်ချက်နဲ့ ပြန်သွားတဲ့သူတွေလည်းရှိတယ်။ တစ်ချို့ဆို ကိုယ်ကသင်ချင်ပါလျှက် ကိုယ့်မိဘဆွေမျိုး ဆရာသမားစသည်တိုရဲ့ ကျန်းမာရေးစတဲ့ အရေးတွေကြောင့်ပြန်သွားကြရတာတွေရှိတယ်။ အိန္ဒိယမှာနေရင် ၃ မျိုးတော့ အနည်းဆုံးရှိရမယ်။ ၁။ လုံလောက်တဲ့ ငွေကြေး။
၂။ လုံလောက်တဲ့အချိန်၊
၃၊ လုံလောက်တဲ့ ပညာရေး၊ (တစ်ချို့စာမေးပွဲအဆင်မပြေလို့ပြန်သွားကြရတဲ့သူတွေလည်းရှိတယ်။ အပြစ်ပြောတာမဟုတ်ပါဘူး။ မလွယ်တာကိုပြောတာပါ)
ကျန်တဲ့သတ္တိတွေ ဇွဲတွေဆိုတာထားတော့ ။ အနည်းဆုံး ဒီ ၃ ခုရှိမှ ပညာသင်နိုင်မယ်။ ဒီတော့ လွယ်သလား မလွယ်ဘူး။ ပန်းတယ်။
 အဲဒီအခါ နိုင်ငံခြားရောက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာလေးတွေကို သနားမိတယ်။ ကိုယ်ချင်းစာမိတယ်။ အရင်တုန်းက စကာင်္ရောက်ပြီး သွားတဲ့သူမှ အထင်ကြီးလက်ခံမိတာ။ မလေးဆိုလုံးဝကို အထင်မကြီးဘူး လက်မခံဘူး။ ဒီရောက်တော့ မလေးမှာ ရောက်နေတဲ့ တပည့်ကျော် မောင်ဌေးလှိုင်(ကနီ အိုင်တောင်)ကပြောပါတယ်။ ဆရာသမား ဆရာသမားအတွက် ကျောင်း ၆ လစာ သူတာဝန်ယူပါတယ်။ ငွေသူပို့ပေးမယ်တဲ့။
 ဒီတော့ ကျုပ်ကပြန်ပြောလိုက်တယ်
 “ ငွေထုတ်ကိုင်ပြီး ပညာသင်ရတဲ့ ငါတို့တောင် ဒီလောက်ခက်ခဲ ပင်ပန်းနေတာ။ ငွေရှာရတဲ့ မင်းတို့ဆို ပိုပင်ပန်းမှာပေါ့ကွာ။ ဒါကြောင့် မင်းတို့လို ငွေရှာနေတဲ့ နိုင်ငံခြားရောက်နေတဲ့ သူတွေဆီက မယူချင်ပါဘူး။ မြန်မာပြည်က သူဌေးတွေဆီကပဲ ယူတော့မယ်။ နောက်ဆုံး မဖြစ်မှ မင်းဆီကယူမယ်ကွာလို့” ပြောပြီးငြင်းပယ်ခဲ့တယ်။
တကယ်တော့် နိုင်ငံခြားဆိုတဲ့စကားဟာ ရေခြားမြေခြား မိဘဆွေမျိုးသားချင်းတွေနဲ့ဝေးနေ ခြားနေတဲ့ သူများနိုင်ငံကို ခေါ်တာပါဗျာ။ ဒီလိုသူများနိုင်ငံ သူများဒေသမှာနေရတဲ့ အခက်အခဲ ဒုက္ခတွေကိုကိုယ်ချင်းစာမိလို့ပါ။ ဗီယက်နမ်က ကျောင်းသားတွေ တစ်ချို့ ပိုက်ဆံလှူဖူးတယ်။ ကျုပ်ပြောလိုက်တယ် “ ငါကျောင်းသား အချင်းချင်းဆီက ပိုက်ဆံ မရချင်ဘူး” လို့ ပြောလိုက်တယ်။
အဲဒီလိုစတဲ့ စတဲ့ အကြောင်းတွေကြောင့်တစ်ချို့ကျောင်းသားတွေဆို အိန္ဒိယတော့ တော်ပြီကွာဆိုပြီး နောက်ကြောင်းပြန်လှည့်မလာကြပြန်ဘူး။ ဘွဲ့ဒီဂရီအတွက်ဆို ဒီလောက်ဆိုတော်ပြီ။ နိုင်ငံခြားအတွေ့အကြုံလည်းရပြီ၊ တော်ပြီကွာဆိုတဲ့သူတွေလည်းပြန်မလာကြတော့ဘူး။
 “ခါတစ်လေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘု ရပ်တန်းကရပ်မယ်ကြံ၊ အမှန်တော့ဖြစ်နိုင်မလား”  တဲ့။ ဟုတ်တယ်။ ကျုပ်မှာတော့ ရပ်လို့မရသေးဘူး။ ဒေလီတက္ကသိုလ်က M.A က ၂ နှစ် semester 4 ခု။ semester တစ်ခုတစ်ခုဆို ဘာသာရပ်က ၄ ခု။ semester 4 ခုအတွက်ဆိုတော့ ဘာသာရပ် ၁၆ ခုသင်ခဲ့လေ့လာခဲ့ရတယ်။ အုပ်စုပ်တွေခွဲထားတယ်။ ဒီမှာရောက်မှ ပိုပြီးသတိထားမိတာက၊ ဗုဒ္ဓစာပေတွေဟာ အခြေခံအားဖြင့် Sanskrit version နဲ့ Pali version ဆိုပြီး အခြေခံမူအားဖြင့် ၂ မူရှိတယ်။ သက္ကတ နဲ့ ပါဠိပေါ့။ China, Koria, Japan, Vietnam, Tibet တို့မှာရှိတဲ့ဗုဒ္ဓဘာသာစာပေက Sanskrit ကနေဆင်းသက်လာတဲ့ဗုဒ္ဓစာပေတွေ။ သက္ကအခြေခံတယ်။ သူတို့ကိုတော့ မဟာယာနလို့ခေါ်တယ်။ Myanmar, Srilanka, Thai,Laos, Canbodia, ဆိုတဲ့။ မြန်မာ၊ သီရိလကာ်၊ ထိုင်း။ လာအို၊ ကမ္ဘောဒီးယားမှာရှိတဲ့ ဗုဒ္ဓစာပေကတော့ Pali version နဲ့ကျယ်ပြန်ခဲ့တဲ့စာပေဖြစ်တယ်။ ပါဠိကိုအခြေခံတယ်။ ဒီငါးနိုင်ငံကိုတော့ ထေရ၀ါဒငါးနိုင်ငံခေါ်တယ်။ ဒေလီတက္ကသိုလ်မှာကျတော့ အားလုံးလေ့လာလို့ရတယ်။ Chinese Group, History Group, Philosophy Group, Pali Group, Tipetan Group, Sanskrit Group, စသဖြင့် သူ့အုပ်စုနဲ့သူရှိတယ်။ အထူးပြုဘာသာတွေပေါ့။
ပါဠိကြိုက်တဲ့သူတွေက ပါဠိကိုအထူးပြုဘာသာယူပြီးလေ့လာတယ်။ သမိုင်းလေ့လာချင်သူတွေက သမိုင်း၊ ဖလော်ဆော်ဖီ စိတ်ဝင်စားသူက ဖလော်။ သက္ကတကြိုက်တဲ့သူတွေက သက္ကတ၊ ကိုယ်စိတ်ဝင်စားတာကိုယ်ယူပြီးလေ့လာ။ သင်တာကကတော့ အင်္ဂလိပ်နဲ့ပဲသင်တယ်။ ပါဠိသင်လည်း အင်္ဂလိပ်နဲ့ သမိုင်းသင်လည်း အင်္ဂလိပ်နဲ့၊ ဘာသင်သင် အင်္ဂလိပ်နဲ့ပါပဲ။
ကျုပ်တို့အထူးပြုလေ့လာခဲ့တာက သမိုင်း။ Philosophy ကိုတော့ ဘာသာရပ်ကိုကြိုက်တယ်။ ဆရာကိုမကြိုက်လို့၊ အထူးပြုအဖြစ်နဲ့မယူခဲ့ဘူး။ မဖြစ်မနေသင်ရတဲ့ အခြေခံတစ်ဘာသာကိုဘဲ ပထမပတ်အတွင်းမှာ ယူခဲ့တယ်။ Philosophy ဆရာကို မကြိုက်ရချင်းအကြောင်းရင်းက သူက သမိုင်းဆရာနဲ့ မတည့်ဘူး။ သမိုင်းဆရာက လက်ရှိ head ဖြစ်နေတော့ ကလန့်တိုက်တာ။ ဆရာကိုကလန့်တိုက်တော့ သူက အတန်းထဲမှာစာကိုကောင်းကောင်းမသင်ဘူး။ ဖြေထားတဲ့ စာမေးပွဲက အဖြေလွာတွေကို သူ့အခန်းမှာမစစ်ဘဲ။ ကျောင်းသားတွေရှေ့ယူလာတယ်။ မင်းဘယ်လောက်ရချင်လဲ ရော့ဆိုပြီး ရှေ့မှာစစ်ပြီး အမှတ်ပေးခဲ့တာ။ အဲဒီလိုဆရာ။
ကျောင်းသားတွေခင်ဗျာတော့ ကျွဲနှစ်ကောင်ကြားက မြေဇာပင်ပေါ့။ ပထမအစမ်း စာမေးပွဲက ၃၀ ဘိုးထဲကအောင်မှတ် ကျုပ် ၂၀ ရတယ်ဗျာ။ နောက်ထပ်  ၇၀ ဘိုးထဲက ၂၀ ရရင် အောင်ပြီ။ အခုတော့ ပထမအတည် ၆ လပတ်စာမေးပွဲရောက်တော့ သူ့ဘာသာမှာ ၇၀ ဘိုးထဲက ၆ မှတ်ဘဲရခဲ့တာ။ ကဲတွေးတာကြည့်လိုက်တော့။ ကျုပ်ဘာသာ ကောက်ချက်ချတာကတော့ ကျုပ်ညံ့လို့မဟုတ်ပါဘူး။ ဆရာကိုကချာလို့ပါပဲ။ (သူက အသပြာသမားလေ)။
 ဒီလိုအခက်ခဲတွေကြောင့်လည်း ပြန်ပြေးသူတွေ၊ ကျောင်းပြောင်းသူတွေရှိခဲ့တာပေါ့။ တော်ပါပြီဆက်မလှမ်းချင်ဘုလို့ ဆိုပြီး ရပ်တန်းက ရပ်ခဲ့ကြတဲ့ တောင်တက်သမားတွေလိုပေါ့။ ကျုပ်တို့်နောက် နောက်တစ်နစ်နေမှရောက်လာတဲ့ ဂျူနုီုေုကျာင်းသားတစ်ပါးပြောသွားတဲ့ စကားအတိုင်းဆို “ ဒေလီ လောကဓံက မလွယ်ဘူး ရူးနိုင်တယ်” တဲ့။ သူ့ခင်ဗျာလည်း အခက်ခဲမျိုးစုံကြောင့် သောကအဖုံဖုံဖြစ်လို့ ကျောင်းတောင်ပြီးမသွားရှာပါဘူး။ သီရိလကာင်္ (သီဟိုလ်) ပြောင်းသွားတယ်။ ကျုပ်မှာတော့ အဲလိုရပ်လို့မရဘူး။ နောက်ပြန်လှည့်လို့မရဘူး။ ဘ၀ကိုက လွယ်လွယ်ကူကူဖြတ်သန်းရမယ့် ကံမပါဘူး။ ဒေါက်တာပြီးသွားတဲ့ သူသယ်ချင်း တစ်ယောက်ရဲ့ စကားယူသုံးရရင် ဘ၀မှာ တစ်ခါတစ်လေ ရုန်းကန်ရရုံတင် မကဘူး။ ကန်ရုံးရတာတွေလည်း ရှိတယ် သူငယ်ချင်းရေ” တဲ့။ ဟုတ်တယ်
အတင်း ကန်ရုန်း ရုန်းကန်၊လှုပ်ရှားမှ အောင်မြင်မှုသေးသေးလေးပဲရတာ။ ကျုပ်ဘ၀မှာ ဘယ်စာမေးပွဲမှာမှ လွယ်လွယ်ကူကူအောင်ခဲ့တာမဟုတ်ဘူး။ ခက်ခက်ခဲခဲတွေချည်းပါဘဲ။ ဒါပေမယ့် ထိပ်ဆုံးမဟုတ်ပေမယ့် ထိပ်တန်းအရည်အချင်းမှာတော့ပါခဲ့တာပါဘဲ။ လေ့လာခဲ့တာက  paper 16 ခု ၊ ဘာသာရပ် ၁၆ ခုကို လေ့လာရတဲ့အတွက်ကြောင့် အင်္ဂလိပ်စာလည်းတိုးတက်သလို ဗဟုသုတလည်းရတယ်။ ကျေနပ်ပါတယ်။ တန်ပါတယ်။ သူများတွေကတောု့ မသိဘူး။ ကျုပ်အတွက်တော့ အင်္ဂလိပ်စာတိုးတက်မှုကတော့ ဒေလီတက္ကသိုလ်ကပေးတာပဲ။ အခြေခံကတော့ သီတဂူက ရသလောက်ယူခဲ့ရတယ်။ ၂ နှစ်ကို ဘာသာရပ် ၁၆ ခုလေ့လာခဲ့ရတဲ့အတွက်ကြောင့် သူ့အတိုင်းအတာနဲ့သူ အင်္ဂလိပ်စာတိုးတက်ပါတယ်။ အဖတ်တို့ အပြောတို့မှာ တိုးတက်ပေမယ့် အရေးကျတော့မရေးတတ့်သေးဘူး။ ဒီမှာက assignment တော့ တင်ရတယ်။ ကျမ်းမရေးရဘူး။ ဒါကြောင့် ကျမ်းရေးတတ်ဖို့။ M.Phil လုပ်ဖို့စိတ်ကူးဆုံးဖြစ်လိုက်တာ။  မြန်မာပြည်ကိုမပြန်သေးဘူး။ အောင့်ထားတယ်။ ခါတစ်လေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘု ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ဖြစ်နိုင်ပါ့မလား။ စခဲ့မိတာကိုးဗျ။
 “ စခဲ့မိဟာပေါ့၊ တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့ စိတ်နွမ်း အသာဖြေဦး၊ မာလာငွေကန်ရေရေးရယ်နဲ့ ငှက်တေးကို အာရုံဆင်လို့ မူတစ်သွင် အားအင်သစ်လိုက်ပါ့ ချစ်ဖွယ့်လူသား။” တော်ကြာမြန်မာပြန်သွားလို့ ထိုက်သင့်တဲ့ ပညာမပါရင်မဖြစ်သေးဘူးဆိုတဲ့အတွေးနဲ့  စခဲ့မိတဲ့လက်စနဲ့ ထပ်ပြီး တစ်တောင်ဆက်တက်လိုက်…………………….. အတန်းပြောင်းတယ်။ ကျောင်းပြောင်းတယ်။ နေရာပြောင်းတယ်။ ပြည်နယ်ပြောင်းတယ်။ ကွင်းပြောင်းတယ်။ နေရာသစ် ကွင်းသစ်ဆိုတော့ စိတ်ဝင်စားစရာ ပိုကောင်းတာပေါ့….တက္ကသိုလ်နာမည်က Gautam Buddha University ဂေါတမ်ဗုဒ္ဓတက္ကသိုလ် (သီတဂူဆရာတော် ကြွလာတုန်းကတော့ ဂေါတမဗုဒ္ဓ University လို့ နှုတ်မြွတ်မိန့်ကြားသွားတယ်). နောက်တစ်နေ့ မနက်ဖြန်အတွက် အဲဒီ တက္ကသိုလ်ကြီးဆီသို့ ချီတက်နေလေရဲ့…..