Wednesday 9 December 2015

“မထိန်ကောင်းတဲ့ သိမ်အကြောင်း”

“မထိန်ကောင်းတဲ့ သိမ်အကြောင်း”


ယခုရက်အတွင်း International Conference တစ်ခုမှာ လယ်တီဝိပဿနာ နည်းအကြောင်း စာတမ်းဖတ်စရာရှိလို့ တစ်ခြားစာတွေမရေးဖြစ်ပါ။ အဲဒီအတွက်ပဲပြင်ဆင်နေမိတယ်။ ဒီနေ့ အချင်းချင်း ဗီယက်နမ်၊ ကိုးရီးယား ကကျောင်းသား တစ်ယောက်စီနဲ့ မိမိနဲ့ မိမိအခန်းထဲမှာ rehearsal လုပ်ကြည့်ကြတယ်။ ပြီးမှ လိုင်းဖွင့်ကြည့်လိုက်တော့ မခိုင်မွန် (Khaing Mon) သိမ်မရှိတဲ့ ကျောင်းအတွက် သိမ်လှူချင်ကြောင်း သူ့အိမ်နဲ့ တိုက်ဆိုင်ဆိုင်သူဓမ္မမိတ်ဆွေတို့ကိုလည်း ပါစေဘို့ အလှူခံပြီးလုပ်မည့်အကြောင်း၊ ဒါကြောင့် သိမ်လှူခြင်းနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ ရှင်းပြပေးပါဘုရားတဲ့။
“အမေးနွားကျောင်းသား၊ အဖြေဘုရားလောင်း” ကဲ။ အဲဒီမှာစတာ။ သူမေးတာက “သိမ်” အကြောင်း။ သိမ်ဆိုတာ “၀ိနည်းမှာ သိမ်၊သဒ္ဒါမှာ လိန်” ဆိုတဲ့ ဆိုရိုးပြုထားရတဲ့ အရာ။ သဒ္ဒါမှာ လိန် (လိင်) အဆုံးဖြတ်က ခက်ခဲသလို၊ ၀ိနည်းမှာလည်း သိမ် အဆုံးဖြတ်က ခက်တယ်။ အပြင်လုပ်ကြကိုင်ကြတဲ့ နေရာမှာလည်း ခက်တယ်။ ရပ်ကွက် နယ်ပယ်သံဃာတွေရဲ့ ထောက်ခံမှု၊ နိုင်ငံတော်ရဲ့ ခွင့်ပြုမှုတွေနဲ့ အရယူပြီးမှ ခက်ခက်ခဲခဲ တိတိကျကျလုပ်ရတဲ့ အရာ။ ဆောက်ချင်သလို ဆောက်လို့မရဘူး။ ၀ိနည်းကံနဲ့ အညီ သိမ်နှုတ် သိမ် သမုတ်သတွေ လုပ်ရတာ။ သိမ်နဲ့ ပတ်သက်တဲ့ ကမ္မ၀ါဖတ်တဲ့ အခါကျရင်လည်း တစ်ခြားကမ္မ၀ါဖတ်သလို ရောထွေးဖတ်လို့မရဘူး။ စနစ်တစ်ကျ သူ့နေရာနဲ့သူ အကွက်ချလုပ်ကိုင်ကြရတာ။ စာတတ်ပေတတ် ဆရာတော်ကြီးတွေရဲ့ အတွေ့အကြုံတွေနဲ့ လုပ်ကိုင်မှပြီးမြှောက်နိုင်တဲ့ အလုပ်ပါပဲ။ အဲလို ခက်ခဲလို့ “ ၀ိနည်းမှာ သိမ်” လို့ ကဗျည်းထိုးကြခြင်းပါပဲ။ စာပေတွေထဲမှာတော့ သိမ်နဲ့ပတ်သက်ရင်တော့ သံဃာတော်တွေဆောင်ရွက်ရမယ့် အခန်းတွေကို အကျယ်တ၀င့် ရှင်းပြထားတာတွေ့ရပါတယ်။


ဘယ်လိုအရေးကြီးသလဲ
သိမ်ဆိုတာ သာသနာရဲ့ အသက် ယခုလက်ရှိ ရဟန်း သံဃာတော်အားရဲ့ မွေးဖွားရာ လို့ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ရဟန်းတစ်ပါဖြစ်တော့မယ်ဆိုရင် ကံပြုတော့မယ်ဆိုရင် သိမ်ကလွဲလို့  ကျန်တဲ့ ဘယ်ရွှေကျောင်း ငွေကျောင်းတွေမှာမှလုပ်လို့မရပါဘူး။ သိမ်ထဲမှာ ကံဆောင်မှ ကံမြောက်ပါတယ်။ ရဟန်းဖြစ်ပါတယ်။ ဒါကို စာလို သီမာသမ္ပတ္တိ- သိမ်ရဲ့ ပြည့်စုံခြင်းလို့ဆိုပါတယ်။ သိမ်မရှိရင် ရဟန်းဖြစ်ကိုမဖြစ်ပါဘူး။ ရဟန်းခံ စတဲ့ ကံတွေပြုလို့မရပါဘူး။
သိမ်အရေးကြီးပုံနဲ့ ပတ်သက်ပြီး ၁၃၆၂ ခုနှစ်က ရန်ကုန်အလိုတော်ပြည့်မှာ ဓမ္မာစရိယသင်တန်းတက်တုန်းက ဆရာတော် ဦးသုစိတ္တာဘိဝံသ စာချရင်းပြောတာလေး သတိရမိတယ်။ သူကစာချဘုန်းကြီးဆိုတော့ စာချဘုန်းကြီးမာန်ရှိတယ်။ ငယ်တော့လည်းငယ်မာန်ရှိတယ်။ ဒီတော့ သူ့ဘက်ကမှန်လာရင်တော့ သူကလည်းတင်းတယ်။ သူ့ကိုယ်သူယုံကြည်တယ်ပေါ့။
တစ်နှစ်မှာ အိန္ဒိယဗုဒ္ဓဂယာဘုရားဖူးဘို့ နိုင်ငံတော် သံဃာ့နာယကဆရာတော်ကြီးတွေရော သူတို့ရော အတူရောက်ကြသတဲ့။ အဲဒီအခါ တစ်ခြားဆရာတော်ကြီးတွေက ဘုရားဖြစ်တဲ့ မြေမြတ်မဟာ ဗောဓိပင်အောက်မှာ အောင်မြေအဖြစ်နဲ့ သိက္ခာထပ်မယ်၊ ရဟန်းထပ်ခံကြဆိုပြီးလုပ်ကြတာတဲ့။ အဲဒီအခါ ဦးသုစိတ္တက “အရှင်ဘုရားတို့ ရဟန်းခံမှာတော့ ဟုတ်ပါပြီ သိမ်က ဘယ်မှာလဲ” လို့ မေးလိုက်တယ်တဲ့။ အဲဒီအခါ ကံဆောင်ဘို့ပြုနေကြတဲ့ ဘုန်းကြီးတွေ ကမ္မ၀ါတွေကိုင်ပြီး တန့်ကုန်ကြတယ်။ ဒါနဲ့ ဘုန်းကြီးတွေက ပြန်မေးကြပြောကြတယ်။ “ဒီလိုဆို ရဟန်းခံ ကံထပ် ဘယ်လိုလုပ်ကြမတုန်း” ဆိုတော့ သူကဆက်ပြောလိုက်တယ်။ “ လုပ်ချင်ရင် ဟိုးးး အဝေးမှာ နေရဉ္ဇရာမြစ် ရှိတယ်။ အဲဒီမှာ ရေသိမ်လုပ်ပြီး သွားရဟန်းခံကြ ကံပြုကြရုံရှိတာပဲ” လို့ သူကပြောလိုက်တယ်တဲ့။ အဲဒီအခါ ဘုန်းကြီးတွေ သပိတ်တွေ သင်္ကန်းတွေယူပြီး နေရဉ္ဇရာမြစ်ဆီကို ကြွသွားကြလေရဲ့တဲ့။ (ရေသိမ်ဆိုရင်တော့ ရဟန်းခံ ကံပြုလို့ရတယ်လို့မှတ်ပါ) ပြောချင်တာက သိမ်အရေးပါပုံပါပဲ။ ကျန်တဲ့ နေရာမပြောနဲ့ ဘုရားဖြစ်တဲ့ ဗောဓိပင်အောက်တောင် သိမ်မဟုတ်လို့ ရဟန်းခံလို့မရဘူးဆိုတာပါပဲ။
ဟိုတစ်လောက မိမိတို့တောင် ဒေလီမှာ ကထိန်ခင်းတော့ သိမ်မရှိလို့ ယမုံနာမြစ်ထဲသွားပြီး ရေသိမ်မှာကံဆောင်ခဲ့ရတယ်။ ဒါတွေဟာ သိမ်ရဲ့ အရေးပါမှုပေါ့။
ဒီတော့ သိမ်ဟာ သာသာဘက်ကကြည့်ရင် သာသာနာရဲ့ အသက်၊ ရဟန်းတွေရဲ့ အသက်၊ဖြစ်သလို ကျောင်းဘက်ကနေကြည့်မယ်ဆိုရင်လည်း နေစရာဖြစ်တယ်။ ကျောင်းအလှူဖြစ်တယ်။ ကံကြီးကံငယ်ဆောင်ရာနဲ့ပတ်သက်ပြောရင်လည်း သံဃာတွေရဲ့ အပြစ်အာပတ်တွေကို ကုစားရာဆေးရုံလိုပါပဲ။ ဒါကြောင့် သိမ်အကျိုးကျေးဇူးဟာ ဘယ်ရွှေ့ဘယ်မျှပါလို့ အတိအကျကိုဖော်ပြလို့မရပါဘူး။ ဖော်ပြလို့ မရအောင် အကျိုးကျေးဇူးရှိသလို၊ သာသနာအတွက် သံဃာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဟူ၍သာ ပြောလိုက်ပါရစေတော့။ ဒါကြောင့် လိုအပ်နေတဲ့ သိမ်ကျောင်းလေးကို ထိန်ချန်မထားဘို့ တတ်နိုင်သမျှ တတ်နိုင်တဲ့ ဘက်ကပါဝင်ကြဘို့  မိမိကလည်း သိမ်အကြောင်းမို့ ထိန်ချန်လို့ မကောင်းဘူးတွေးမိပြီး မအားတဲ့ ကြားထဲကနေ  တိုက်တွန်းစာလေးရေးပေးလိုက်ပါတယ်။  “မထိန်ကောင်းတဲ့ သိမ်အကြောင်းလေး” လေး ဒီတွင်ပဲနားကြပါဦးစို့လား မခိုင်မွန် (Khaing Mon) နဲ့ ဓမ္မမိတ်ဆွေတို့ရေ။

ဒီထက်တိုးလို့ သာသနာ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ…

သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)


သီတဂူဓမ္မကထိက


ခေတ္တ-အိန္ဒိယ. 00: 32 am, 10,12, 2015.






Saturday 5 December 2015

“လွမ်းမောဖွယ်ရာ ယသောဓရာ”



“လွမ်းမောဖွယ်ရာ ယသောဓရာ”
အကျယ်အဖွဲ့အနွဲ့ကိုဖတ်ချင်ရင်တော့ ဆရာချစ်စံဝင်းရဲ့ ယသောဓရာအလွမ်းကိုဖတ်ကြပေတော့။ မိမိကတော့ မိမိသဘောကျတဲ့ ယသောဓရာရဲ့ အခန်းလေး ၂ ခန်းကိုပဲ မီးမောင်းထိုးပြမယ်။ ဇာတ်လမ်းအစအခန်းနဲ့ အဆုံးခန်းပိုင်းလေးပါပဲ။
ပထမအခန်း ဇာတ်လမ်း အစက ဒီလို
“အလောင်းတော် သုမေဓာက ဒီပင်္ကရာမြတ်စွာရားအထံမှာ ခန္ဓာကိုယ်ကျောခင်း တံတားလုပ်ပြီး ဘုရားဆုပန်မယ့် အချိန်မှာ လူအုပ်ကြားထဲသို့ သုမိတ္တာဆိုတဲ့ အမျိုးသမီးလေးကလည်း ကြာပန်းရှစ်ခိုင်ကိုင်ပြီး ဒီပင်္ကရာမြတ်စွာဘုရားကို ပူဇော်ဘို့ရောက်လာတယ်။ အဲဒီမှာ သူကမြင်မြင်ချင်း သုမေဓာရသေ့ကို မေတ္တာသက်ဝင်သွားပြီး “အရှင်ရသေ့ ကြိုက်သလိုလှူပါဆိုပြီး သူ့လက်ထဲက ကြာရှစ်ခိုင်ထဲက ကြာငါးခိုင်ကို ရှင်ရသေ့လက်ထဲထည့်လှူလိုက်တယ်။
 ပြီးတော့ကျန် ကြာ သုံးခိုင်နဲ့ သူကဘုရားလှူပြီး
“အရှင်ရသေ.. အရှင်သည် ဘုရားဖြစ်ဖို့ရန် ပါရမီ တော်တို့ကို ဖြည့်ကျင့်နေသမျှ ကာလအတောအတွင်း အကျွန်ုပ်သည် အရှငှ်င့် အတူတကွ ညီမျှသောသူတို့ ဖြစ်ကြရပါစေကုန်သတည်း” လို့ ပါရမီဖြည့်ဘက်အဖြစ်ဆုတောင်းခဲ့တယ်။
ဒီအခန်းမှာ ယသောဓရာအလောင်းလျှာ သုမိတ္တာရဲ့ မရှက်မကြောက် ရဲဝံ့ပြတ်သားတဲ့ စိတ်ဓာတ်၊ မြင်မြင်ချင်း ချစ်တဲ့ မေတ္တာကနေ ပါရမီဖြည့်ဘက်ဖြစ်လိုတဲ့အထိ ဖြည့်ဆည်းပေးလိုတဲ့ စိတ်ဓာကို သိပ်သဘောကျမိတယ်။ ဒါက သူတို့ရဲ့ ဇာတ်လမ်းအစအခန်းပေါ့။ (မင်းကွန်းဆရာတော်ရဲ့ မဟာဗုဒ္ဓ၀င် ပထမတွဲ ပထမပိုင်း စာမျက်နှာ ၆၆-၆၇ မှာ အကျယ်ရှုပါ)။
နောက်တစ်ခန်းက ဇာတ်သိမ်းခန်းကျတော့
 အလောင်းတော် သုမေဓာရော သုမိတ္တာရော ပါရမီတွေပြည့်လို့ နောက်ဆုံးဇာတ်သိမ့်မည့် ရောက်လာရော။
အလောင်းတော်က ဘုရားဖြစ်တဲ့ အချိန်မှာ ကပိလ၀တ်ရွှေနန်းတော်ကို ပြန်လာတယ်။ တောထွက်သွားပြီး ၆-၇ နှစ်နေပြီးမှ ပြန်လာတဲ့အခါ ရွှေနန်းတော်မှာ ယသောဓရာကလွဲလို့ ကျန်တဲ့ မင်းသားမင်းသမီးတွေ အကုန် ဘုရားရှင်ထံရောက်ကြတယ်။ ဖူးမျှော်ကြတယ်။ အဲဒီအခါ ယသောဓရာက မသွားဘူး။ ဆွမ်းခံကြွတဲ့ မြတ်ဘုရားကို အသာလေး တံခါးပေါက်ကနေ ချောင်းပဲကြည့်နေတယ်။ ဘုရားဆွမ်းဘုဉ်ပေးမယ့် အဆောင်အထိ သူလိုက်မတွေ့ဘူး။ ကျန်တဲ့ သူတွေကပြောတယ် “အရှင်မ မောင်တော်ဘုရား ရောက်နေတယ်။ အရှင်မသွားပါ့လား” ဆိုတော့  ယသောဓရာက ဘာပြောထင်တုန်း
“ ရှင်မတို့.. ငါ၏ ကျေးဇူးအထူးရှိခဲ့ပါမူ အရှင့်သားသည် ကိုယ်တော်တိုင်ပင် ငါ့အထံသို့ ကြွလာတော်မူပါလိမ့်မည်၊ ကြွလာတော်မူမှသာ ငါသည် အရှင့်သားကို ရှိခိုးပေအံ့” တဲ့။ ယသောဓရာ မူနေတာဗျ။ သူ့ဖြည့်ခဲ့တဲ့ ပါရမီ၊ သူအလောင်းတော်အပေါ်မှာထားခဲ့တဲ့ မေတ္တာတွေကို သူယုံပြီးနေတာ။ ဘုရားဆီတောင် မသွားဘဲ မူပြတာ။ (မိမိကတော့ ယသောဓရာရဲ့ ဒီအနေအထားလေးကို သိပ်သဘောကျတာ။ မူမှာပေါ့။ သူက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတူ ပါရမီဖြည့်လာခဲ့တာ)။
အဲဒါကို မြတ်ဘုရားကလည်း ခွင့်လွတ်တယ်ဗျာ။ ခမည်းတော်ကို သပိတ်ကိုင်ခိုင်းပြီး လ၀က်တော်ရံ လက်ယျာ်တော်ရံ ၂ ပါးခြံရပြီး ယသောဓရာအဆောင်ကြွတော်မူတယ်။  အခန်းရောက်တဲ့ အခါကျတော့လည်း ယသောဓရာမင်းသမီး ငိုတာကို ကြိုက်သလောက် ငိုပါစေ။ ဘယ်သူမှ မတားနဲ့ လို့ မြတ်စွာဘုရားခွင့်ပြုတော်မူတာပဲ။ (အဲဒီနေရာမှာလည်း မြတ်စွာဘုရားကို ပရိသတ်အနေနဲ့ ယသောဓရာကိုယ်စား ကျေးဇူးတင်လိုက်တာ)။ ပါရမီဖြည့်ဘက်ဖြစ်ပြီး သားတစ်ယောက်ရမှ ထားရစ်ခဲ့တာ၊ ၇ နှစ်နီးပါးကွဲနေတာ  သူဘယ်လောက်လွမ်းလိုက်မတုန်း၊ စဉ်းစားသာကြည့်ကြပေတော့။ အဲဒီအချိန်မှာ
“ယသော်ဓရာ မိဘုရားသည် မြတ်စွာဘုရားထံမှောက်သို့ လျင်မြန်စွာ လာရောက်၍ မြတ်စွာဘုရား၏ ဖမျက်တော်နှစ်ဖက်တို့ကို မိမိလက်နှစ်ဖက်ဖြင့် တအားကုန်တင်းကြပ်စွာ ဆွဲကိုင်ပိုက်ဖက်၍ ဖမိုးတော်ထက်၌ မိမိဦးခေါင်း (နှဖူးပြင်) ကို တင်ထားကာ ဗယ်ညာပြောင်းလှန် အတန်တန် ဦးခိုက်၍ အလိုရှိတိုင်း အားပါးတရ ရှိခိုးလေ၏” တဲ့။
အဲဒီမှာ ပိုပြီး ဇာတ်ရှိန်တက်စေတာက ခမည်းတော်သုဒ္ဓေါဓန လျှောက်တဲ့ စကားတွေပဲ။
“ ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား… အကျွန်ုပ်၏ သမီးသည် အရှင်ဘုရား ဖန်ရည်စွန်းသော အ၀တ်တို့ကို ၀တ်ရုံတော်မူပြီဟူသော သတင်းကို ကြားသည့်အချိန်ကစ၍ ဖန်ရည်စွန်းသော အ၀တ်ကိုဝတ်ခဲ့ပါပြီ၊
အရှင်ဘုရား ဆွမ်းတစ်ထပ်သာ စားကြောင်း သတင်းကောင်းကြားသိရပါလျှင်ပင် ထမင်း (ပွဲတော်စာ) တထပ်ကိုသာ စားခဲ့ပါပြီ။
အရှင်ဘုရား မြတ်သောအိပ်ယာနေရာကို စွန့်ပစ်ကြောင်းသတင်စကားကြားသိရလျှင်ပင် အကျွန်ုပ်၏ သမီးတော်သည် ကြိုးပြားဖြင့် ရက်အပ်သော ညောင်စောင်း၌သာ အိပ်ခဲ့ရှာပါပြီ။
အရှင်ဘုရား ပန်းနံ့သာစသည်တို့မှ ရှောင်ကြဉ်ကြောင်း သတင်းစကား ကြားသိရလျှင်ပင် အကျွန်ုသမီးတော်သည် ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်း အမှုတို့မှရှောင်ကြဉ်ခဲ့ ရှာပါပြီ။
အရှင်ဘုရားတို့ တောထွက်၍ သွားသောအခါ ဆွေတော်မျိုးတော်ဖြစ်သော မင်းညီမင်းသား သူတပါးတို့က မြှောက်စားမြတ်လေး ကောင်းမွန်စွာ မွေးမြူလိုကြပါသည်ဟု သ၀ဏ်လွာပါး သတင်းစကားကြားလာသော်လည်း အကျွနုပ် သမီးတော်သည် တဦးတစ်ယောက်ကိုမျှ ဂေဟဿိကပေမတဏှာဖြင့် ပြန်လှန်စောင်းငဲ့၍မျှ မကြည့်ရှာခဲ့ပါပေ။ ဤသို့လျှင် အကျွနုပ်သမီးတော်သည် အံ့သြချီးမွမ်းလောက်သော ဂုဏ်ကျေးဇူးးအထူးနှင့် ပြည့်စုံသူ  ဖြစ်ပါသည် ဘုရား” လို့လျှောက်တာပေါ့။ ယသောဓရာရဲ့ အလွမ်းတွေ မေတ္တာတွေက အဲဒီမှာ ပိုပေါ်သွားတာ။ ကိုယ်တိုင်ပြောမဟုတ်ဘဲ သူများကတောင် ပြောယူရတာဆိုတော့ ပိုလေးနက်သွားတာပေါ့။ ဒီအနေအထားမှာ မြတ်ဘုရားနဲ့ ခမည်းတော်ကြားမှာ ယောဓရာဘာမှ ၀င်မပြောရှာဘူး။ မျက်ရည်ဝိုင်းတဲ့ မျက်လုံးလေးနဲ့ နားထောင်နေရှာမှာပေါ့။
ယသောဓရာရဲ့ စိတ်ဓာတ်ကိုရော အတိတ်ဇာတ်ကိုရော မြတ်စွာဘုရားက ကောင်းကောင်းကြီးသိတာပေါ့။ သူများထက်ပိုသိတာပေါ့။ သူများနဲ့ မတူသိတာပေါ့။ ဒါကြောင့် အထူးအခွင့်အရေးပေးလာခဲ့တယ်။ ယသောဓရာ့အလွမ်းတွေက မျက်ရည်ခန်းအောင်လွမ်းလောက်သလို၊ မြတ်စွာဘုရား မေတ္တာကရုဏာတော်တွေကလည်း ကျနေတဲ့ မျက်ရည်တွေ နွမ်းခြောက်သွားအောင် နှစ်သိမ့်စေနိုင်ခဲ့ပါတယ်။ ချွေးသိပ်စေနိုင်ခဲ့ပါတယ်။
ခမည်းတော်သုဒ္ဓေါဓနလျှောက်တဲ့ အခါ မြတ်စွာဘုရားကလည်း သဘောတူပြီး ထပ်ချီးမွမ်းလိုက်တာက “ဒကာတော်မင်းကြီး ...ယခုအခါ၌ ခမည်းတော်မင်းကြီးက ထိန်းသိမ်း စောင့်လျှောက်လျှက် ရှိသည့်ပြင် ဥာဏ်ပညာကလည်း ရင့်ကျက်သဖြင့် ရာဟုလာ့မယ်တော် ယသော်ဓရာမင်းသမီး မိမိကိုယ်ကို မိမိထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ အံ့သြဖွယ်ရာမဟုတ်သေး၊ ဤရာဟုလာ့မယ်တော် ယသော်ဓရာမင်းသမီးသည် ရှေးအတိတ်အခါက (အသင်မင်းကြီးလို) စောင့်ရှောက် ထိန်းသိမ်းသူမရှိပါပဲလျှက် စန္ဒတောင်ခြေရင်း၌ လှည့်ပတ်သွားလာကာ ပါရမီဥာဏ် မရင့်သန်သေးမီကပင် မိမိကိုယ်ကို မိမိထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်လို့ မိန့်းပြီး အားလုံးသိပြီး သိပ်ထင်ပေါ်ကျော်ကြားတဲံ စန္ဒကိန္နရီမောင်နှံဇာတ်ကို ဟောလိုက်တော့တာပါပဲ။
ဒီတော့ ပါရမီရှင်ယသော်ရှင်မလည်း ကျေနပ်နှစ်သိမ့်လိမ့်မယ်ထင်ပ။ ခြောက်သွေ့သောမျက်ရည် ပြုံးရွှင်သောမျက်နှာထားဖြင့် မောင်ဘုရားကိုတစ်လှည့်၊ ခမည်းတော်ဘုရားကို တလှည့် သူငဲ့ငဲ့ကြည့်ပြီး ကြည်နူးမိတော့မှာပေါ့။ အဲဒီအခါ ယသောဓရာလွမ်းလို့ ကျခဲ့တဲ့ မျက်ရည်တို့သည် တကယ့်ဂန္ထ၀င်မြှောက်ဖြစ်ပြီး နောက်နောက်လူတွေစံယူပြရတဲ့ အလွမ်းနောက်ခံ တကယ့်ပါရမီခန်းအစစ်တွေဖြစ်လာတော့တာပေါ့…….
(ဇာတ်သိမ်းခန်း အကျယ်ရှုလိုက မဟာဗုဒ္ဓ၀င်  တတိယတွဲ နှာ ၁၂၆-၁၂၈ တွင်ကြည့်ရှုပါ)

                                                                                     သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)

Friday 4 December 2015

“ဘုန်းကြီးတွေ ဘာကြောင့် တော်ပြီး ရဲရင့်ကြသလဲ”



“ဘုန်းကြီးတွေ ဘာကြောင့် တော်ပြီး ရဲရင့်ကြသလဲ”


ဒီခေါင်းစဉ်လေး ဖတ်ပြီးရင် အောက်ပါပုံလေးကို ရင်ထဲစွဲသွားအောင် အရင်ကြည့်စေလိုပါသည်။ အသေအချာ သုတေသနပြုထားတာတော့ မဟုတ်ပါဘူး။ မိမိဘာသာလေ့လာသုံးသပ်မိတဲ့ အကြောင်းလေးပါပဲ။ ဒါကြောင့် လွတ်လပ်စွာကွဲလွဲခွင့် ငြင်းပယ်ခွင့်ရှိပါတယ်။ ကဲ လေ့လာကြည့်ရအောင်။
ဘုန်းကြီးဆိုတာ ဘုရားမျိုး။ ဘုရားကစ သံဃာထောင်နောက်လိုက်မွေးလို့ ဘုရားမျိုးလို့ပြောတာပါ။ ဘုရားဆိုတာ ရှင်ဘုရင်မျိုး။ ဒီရှင်ဘုရင်မျိုးကိုတော့ မြတ်စွာဘုရားလက်ထက်ကနေ မြန်မာမင်းများလက်ထက် နောက်ဆုံး မင်းတုန်းမင်း၊ သီပေါမင်းတို့အထိပါတယ်။ ဒါကြောင့် ဘုန်းကြီးဝတ်ရင် ဈေးမကျသေးဘူး။ ကိုရင် ဦးဇင်းဈေးကောင်းသေးတယ်။
နောက်တော့ အဲလိုမဟုတ်တော့ဘူး။ “မကောင်းကျောင်းပို့” ဆိုတဲ့ စကားတွေသုံးလာကြပြီ။ နင့်ဒီလောက်ပျင်းနေတာ ဘုန်းကြီးသာ ၀တ်ပါဟယ်။ ကျန်းမာရေးမကောင်း ဘာမှမလုပ်နိုင်မှတော့ ဘုန်းကြီးတာအေးရော။ တစ်ယောက်ထဲ လူပျိုကြီး မုဆိုးဖိုတွေလည်း ဘာမှမှ သံယောဇဉ်တွယ်စရာမရှိသာ ဘုန်းကြီးဝတ်အေးရော စသဖြင့် သာသနာကို အထင်သေးလာတဲ့ လေသံတွေပေါ်လာတယ်။ သာသနာဟာ စွန့်ပစ်ခံနေရာ ဖြစ်လာတယ်။ (တကယ်တော့ အဲလိုထင်သူတွေဟာ ရယ်ချင်စရာပါပဲ။ သနားစရာသတ္တ၀ါလို့တောင် မပြောချင်ဘူ။ ဟားချင်စရာလူတွေလို့တောင်ပြောလိုက်ချင်သေး။ လွယ်မယ်ထင်ရင် ဘုန်းကြီးဝတ်ပြီး ဘုန်းကြီးတန်းတူအောင် ကြိုးစားကြည့်လေ။ ခေတ်စကားနဲ့ ပြောရင် နားကားသွားမယ်။ ပြာတောက်သွားမယ်)

 နောက်တစ်မျိုး ပိုက်ဆံနဲနဲရှိသူ စည်းပွားရေးပြေလည်တဲ့ သူတွေကျတော့ သင်္ကန်းဝတ်ချင်တဲ့ သူတို့သားကို နောက်ကျမှ မမြဲဘဲ လူထွက်လာရင် “နတ်အိုးကွဲ” ဖြစ်မှာစိုးလို့တဲ့။ ဆယ်တန်းလေးအောင်မှ ၀တ်ပါ့လားဆိုပြီး တားကြသေးတယ်။ တားကောင်း မတားကောင်းမပြောတော့ပါဘူး။ ကိုယ့်ဘာသာကိုသာစဉ်းစားကြည့်ကြပေတော့။

အများစုကတော့ သာမဏေဆိုတဲ့ ကိုရင်ဘ၀ကို ရှင်ပြုပြီးတဲ့ကာလမှစပြီး အမြဲဝတ်လေ့ရှိကြပါတယ်။ ၁၀ ပတ်ဝန်းကျင်ပေါ့။ ဒီထက်ငယ်တာလဲရှိသလို။ နဲနဲကြီးတာလည်းရှိတတ်တယ်။ မိဘတွေကနေ နဲနဲခွဲနေတတ်တဲ့ အရွယ်လေးပေါ့။ ဒီနေရာက စပြီး စဉ်းစားကြရအောင်။

ဆယ်နှစ်ပတ်ဝန်းကျင်ဆိုတာ အိမ်မှာဆို ဘာမှသိပ်လုပ်စရာမလိုသေးဘူး။ မိဘအရိပ်အောက်မှာ အေးဆေးနေလို့ရသေးတယ်။ မိဘပေးတာစား၊ မိဘပေးဆင်တာဝတ်၊ မိဘလိမ်းပေးတဲ့ သနပ်ခါး ခေါင်းကလေ့မော့ခံပေးယုံပဲ။ အေးဆေးပဲ။

ဒါပေမယ့် ကျောင်းသင်္ကန်းဝတ်သွားရင် No father, no mother -အဖေ မရှိ။ အမေမရှိ။ only teachers- ဆရာတွေပဲရှိတာ။ ဆရာကတော့ ဘာပေါ်သလဲမမေးနဲ့။ ကျောင်းထိုင်ဆရာတော်ကအစ သင်္ကန်းမ၀တ်တဲ့ ကျောင်းသားကြီးတွေအထိ၊ သင်္ကန်းဝတ်ပြီးတဲ့ ကိုရင်ငယ်လေးတွေအထိ သူ့ဆရာတွေချည်းပဲ။ ဟဟ။ သူက အားလုံးမျက်နှာကြည့်နေရတော့တာ။ ဘယ်မလဲ မိဘမျက်နှာ။ သူဌေးသား ဆင်းရဲသား သိပ်မကွာတော့ဘူး။ ၀ါကြီးတဲ့ သူဟာဆရာကြီးပဲ။ ဘုန်းကြီးကိုရင်တွေဘ၀က သိပ်စိတ်ဝင်စားစရာကောင်းတာ။ အဲဒီအခါ သူက သူ့အားကိုသူကိုးရတော့တာ။ သူအားကိုးတာ သူကိုယ်တိုင်ရပ်တည်နိုင်ဘို့မဟုတ်ဘူး။ သူများနဲ့မှီပြီး ရပ်တည်နိုင်ဘို့။ ဒီတော့ သူက ဘာရှာရသလဲဆိုတော့။ အားကိုးရှာရတော့တာ။ ဒီကျောင်းမှာ ဘယ်သူဆရာကြီးလဲ။ ဘယ်ကျောင်းသား ဆရာကြီးလည်း။ သူ့ဘာသာရှာဖွေစဉ်းစားပြီး သူချဉ်းကပ်ရတော့တာ။ မျက်နှချိုလေးသွေး။ ပါတဲ့ ရှိတဲ့ ထန်းလျှက်လေး ချိုချဉ်ကြံသကာလေးပေးပြီး သူမျက်နှာချိုသွေးရတော့တာ။ အစွမ်းအစက အဲဒီက စတာ။ အားကိုးရာကို သူ့ဘာသူရှာလာတော့တာ။ မကြိုက်လည်း အောင့်ခံ။ အောင့်ပေါင်း။ ညစ်လည်း ခံ။ ဒီမှာ လောကဓံတွေက စပြီ။ မနေနုနိင် ငိုပြီးထွက်သွားရုံပဲရှိ။
 ဒီတော့ သူက သူအားကိုးသူနဲ့ အဆင်ပြေအောင် ပေါင်းရသလို၊ ကျန်တဲ့ သူတွေနဲ့လည်း တည့်အောင်ပေါင်းရတော့တာ။ ကိုယ့်ရှိတာလေးတွေ မျှဝေပေးရသလို၊ အမှိုက်လည်း အမှိုတ်ကျုံးစတဲ့ သူများတာဝန်တွေလည်း သူက မျက်နှာရလာအောင် ၀ိုင်းထမ်းပေးရတော့တာ။ အဲဒီအခါ သူ့သန္တာန်မှာ တာဝန်ယူစိတ်တွေ၊ တာဝန်ထမ်းစိတ်တွေ၊ အများနဲ့နေတတ်တဲ့ စိတ်တွေတိုးလာတယ်။

နောက်တော့ ကိုရင်ကြီး ကျောင်းသားကြီးတွေက ဘေးကနေမြှောက်ပေးလို့ ကိုယ်နဲ့ရွယ်တူကောင်တို့၊ ကိုယ့်ထက်နဲနဲကြီးသူကောင်တို့နဲ့ ကြောက်ပေမယ့်၊ အနာခံပြီး ဖိုက်တင်ပလေးရပြန်သေး။ အဲဒီမှာ ဒီကောင်က နဲနဲ ဇတွေတက်လာပြီ။ အဲလိုနဲ့ သူက တစ်ဝါ နှစ်ဝါ (တစ်နှစ်၊နှစ်နှစ်) စသည်နေပြီးရင်တော့ သူက တောကျောင်းမှာ ဆရာကြီး အဆင့်ဖြစ်လာပြီ။ ဒီတော့ သူက စီမံကွတ်ကဲလာတော့တာ။ အမိန့်ပေးလာတော့တာ။ ဘယ်သူဘာလုပ်။ ဘယ်အိမ်ဆွမ်းပို့။ ဆွမ်းယူစသည်ဖြင့်ပေါ့။ အဲဒီလို ကျောင်းကကျောင်းသားတွေ ကိုရင်တွေက ဘုန်းကြီးကျောင်းမှာ ဒူပေဒါပေ ခံ ကျင့်နေကြတဲ့ အချိန်မှာ ရွာထဲက ကလေးတွေကတော့ အဖေအမေမျက်နှာနဲ့ ချွဲကောင်း နွဲ့ကောင်းတုန်း။  မိဘအရိပ်အောက်နေလို့ သန့်သန့်ပြန့်ပြန်လေးတွေပေါ့။

ကျောင်းကကလေးတွေကတော့ ပုံထဲကအတိုင်း ပြန်ကြည့်လိုက်၊ ကိုယ့်ခေါင်းကိုယ်ရိပ်၊ ကိုယ့်သင်္ကန်းကိုလျှော်ပြီး၊ နေရတာဆိုတော့။ ခေါင်းမှာ ဒစ်ချေးတွေနဲ့ ဗလပွ။ သင်္ကန်းကလည်း ချေးတွေ အထပ်ထပ်။ ကိုရင်ဒစ်ချေးလေးတွေပေါ့။

ဟော  အကြောင်းသင့်လို့ နောက်တစ်ဆင့်တက်တော့မယ်။ မျြို့တက်စာသင်တော့မယ်ဆိုတော့ ဒီကောင်တွေက ဘာမှမစဉ်းစားဘူး။ မျြိ့လား ဘာမြို့လည်း မစဉ်းစားဘူး။ ဘယ်သူတွေနဲ့လည်း မစဉ်းစားဘူး။ ဆရာဘုန်းကြီးထားရာနေကြမှာ။ အဲဒီအချိန်မှာ သူတို့က ခြေတကြွကြွနဲ့။ ဘောလုံးသမား အသစ်ကလေးတွေလားကြလို့။ ကျောင်းနဲ့ အိမ်နဲ့ ကူး။ အဲဒီအချိန်မှာ သူကလည်း အိမ်နဲ့ ကျောင်းနဲ့ကူး။ အရပ်ထဲက ဆွေမျိးမိဘတွေကလည်း နဲနဲအသိအမှတ်ပြု၊ ပိုက်ဆံလေးဘာလေးလှူတော့ ကိုယ်ပိုင်ငွေဆိုတာရှိလာပြီ။ အဲဒီအခါမှာ ရွာထဲမှာ မိဘနဲ့နေနေကြတဲ့ ကိုကိုသန့်တို့ မောင်မောင်သန့်တို့က မိဘရင်ခွင်မှီပြီး ကြည့်နေကြတုန်းပေါ့။
ဒီလိုနဲ့ မြို့ရောက်တော့။ ဝေးပြီးပေါ့။ အဖေအမေ ဆရာသမား။ ရပ်ရွာ။ လွမ်းတတ်ရင် ငိုပေတော့ ပါလာတဲ့ သေတ္တာပေါ်ခေါင်းတင်ပြီး ငိုတော့။ တစ်ပတ်ဆယ်ရက် ငိုတော့။ ငိုလို့ အလွမ်းတွေကတိတ်သွားရင် တော်ရဲ့။ အလွမ်းတွေမတိတ်ဘဲ ရွာချည်းလွမ်းနေရင်။ ဒီကောင် စာသင်တိုက်ဆိုတဲ့ အဆင့်မှာ မအောင်ပြန်တော့ဘူး။ရွာပြန်ပြေးဆင့်ထဲမှာပါသွားပြီ။

အဲ အငိုတွေတိတ်ပြီး အလွမ်းတွေ အိပ်သွားပြီဆိုရင်တော့။ ရင်ဘောင်တန်းဘို့ သင်္ကန်းပြင်ဝတ်ပေတော့။ မြို့ရောက်ပြီ။ အနယ်နယ်အရပ်ရပ်ကလာကြတဲ့ သူတွေ။ မတစ်ထောင် တစ်ကောင်ဖွားတွေ ဆုံကြပြီ။ မိုက်တဲ့ သူရှိမယ်။ ကောင်းတဲ့သူရှိမယ်။ တော်တဲ့သူရှိမယ်။ ညံ့တဲ့သူရှိမယ်။ ကူညီမယ့်သူရှိမယ်။ မသိမသာ နှိပ်ကွတ်မယ့်သူရှိမယ်။ သူက ဒီလောကဓံတွေကို သူ့နည်းသူ့ဟန်နဲ့ အကောင်းဆုံး စဖြေရှင်းနေရပြီ။  အရွယ်ကိုပြန်ကြည့်လိုက်က။ အဲဒီအခါ သူတို့ အသက်က ၁၂ နစ်ပတ်ဝန်းကျင်။ ဒါပေမယ့် စတင်တွေ့ဆုံနေရတဲ့ လောကဓံက မသေးဘူး။ ဒီနေရာမှာတော့ No father, no mother and no teacher also ပဲ။ အဖေမရှိဘူး။ အမေမရှိဘူး။ ဆရာလည်း မရှိဘူး။ သူငယ်ချင်းလည်း မရှိပြန်သေးဘူး။ သူရင်ဆိုင်ရတဲ့ ပတ်ဝန်းကျင်နယ်ပယ်က ရွာမှာထက် အဆင့်အများကြီးကွာသွားပြီ။ အဲဒီအချိန်မှာ သူ့စိတ်ဓာတ် အသိထဲမှာ ကိုယ်ကိုယ်တိုင်ရပ်တည်ဘို့ဆိုတာ အေးဆေးဖြစ်သွားပြီ။ ကိုယ့်အိပ်ယာကိုယ်သိမ်း၊ ကိုယ့်သင်္ကန်းကိုလျှော် ဆိုတဲ့ အဆင့်တွေဟာ အေးဆေး အသေအမွားဖြစ်သွားပြီ။ သူ့level သူ့ key ကမြင့်သွားပြီ။

ဒီမှာ သူတွေးလိုက်တာက အတန်းထဲမှာ ဘယ်လိုဖြတ်သန်းမလဲ။ ဒီတော့ သူအတန်းထဲမှ အစွမ်းပြဘို့၊ သို့မဟုတ် တန်းတူယှဉ်နိုင်ဘို့ သူစာလုပ်မှရတော့မည်ဆိုတာ သူသိလာတယ်။ ဒီတော့ ပါလာတဲ့ စာအုပ်ကို အဖော်ပြုပြီး သူတကုတ်ကုတ်စာလုပ်ရတော့တယ်။ ဒီလိုနဲ့ ၃ နှစ်လောက်မြို့နေလာပြီး ရွာပြန်တဲ့ အခါ သူက အသက် ၁၅ နှစ်လောက်ဖြစ်လာပြီ။ အရွယ်ရောက်ခါစ၊ အားလုံး အသိအမြင်တွေတက်ကြွခါစ။ သူနေခဲ့ တဲ့ ရွာနဲ့ ကျောင်းမှာ နဲနဲ အမြင်ပြောင်းလာပြီ။ အရင်ကလို ကိုရင်ဒစ်ချေးမဟုတ်တော့ဘူး။ ဖုံထဲသဲထဲ မကစားတော့ဘူး။ ၀တ်လာတဲ့ သင်္ကန်းကလည်း အသစ်၊ စီးလာတဲ့ ဖိနပ်ကလည်း ရွာပြန်မှစီးတာဆိုတော့ ပြောင်ပြောင်ရောင်ရောင်။
 ဒါကြောင့် သူနေတာထိုင်တာက သပ်သပ်ရပ်ရပ်ဖြစ်လာပြီ။  အဲဒီအခါ ဟိုအရင်က ကိုကိုသန့်တို့ မောင်မောင်သန့်တို့က မိဘအရိပ်က လွတ်ခါစလေးတွေဆိုတော့ ဟိုသွားဒီသွား ဟိုလုပ်ဒီလုပ်နဲ့ဆိုတော့ အရင်ကလို မသန့်တော့ဘူး။ ၀တ်ထားတဲ့ အ၀တ်နဲ့ အသားအရေတို့ကလည်း အရင်လို မဟုတ်တော့ ညစ်နွမ်းနွမ်း။ တောအထာလေးတွေနဲ့ပေါ့။ လောက်လေးခွကိုင်သလိုလို၊ ဆေးပေါ့လိပ်ခဲသလိုလို၊ ကွမ်းကလေးတစ်ပြစ်ပြစ်နဲ့ပေါ့။ အဲဒီအဆင့်လောက်မှာကတည်းကိုက အသိဥာဏ်ဗဟုသုတနဲ့ ရဲရင့်မှုက ကွာသွားပြီ။ ဟိုကမြို့ပြန်ကိုရင်၊ ဒီက တောသားတွေ။
ဒီလိုနဲ့ ဒီကိုရင် စာသင်လာလိုက်တာ။ ကိုရင်ကနေ ဦးဇင်းဖြစ်၊ ဦးဇင်းကနေ ဘုန်းကြီးဖြစ်လာရော။ ဒီကြားထဲမှာ သင်ရတဲ့ စာပေနဲ့၊ အပြင်မှာဖတ်ရတဲ့ စာပေ၊ကိုယ်ကိုယ်တိုင် ဆုံးမပဲ့ပြင်ကျင့်သုံးလာ ၂၀-၂၅ လောက်ဆိုရင်ကို ဦးဇင်းတစ်ပါးရဲ့ ဘ၀အသိ၊ စာပေအသိ နဲ့ ရဲရင့်မှုက တောကလူတွေနဲ့မတူတော့ဘူး။ ကိုယ်ပိုင်အသိရှိလာပြီ။ အနာဂတ်ကိုမျှော်မှန်းတတ်လာပြီ။ ဆုံးဖြတ်တတ်လာပြီ။ ရပ်ရွာမှာလည်း ဦးဆောင်တတ်လာပြီ။ အဲဒီတော့ ရပ်ရွာလူတွေက တောမှာသူပြန်လာလို့ဖြစ်စေ၊ မြို့မှာသူ့ဆီလာလို့ဖြစ်စေ သူ့ဆီချဉ်းကပ်၊ သူ့ကို အကူအညီအတောင်းတော့ သူက အတွေ့အကြုံတွေပိုပိုတိုးလာတယ်။ လုပ်ရည်ကိုင်ရည်တွေပိုတိုးတက်လာတယ်။ အဲဒီအချိန်မှာ သူဟာ မြို့မှာ ဆရာတစ်ပိုင်းတစ်သို့မဟုတ်၊ အထက်တန်းပညာအရည်အချင်းမှာရှိနေပြီ။

၁၂နှစ်လောက်က၀တ်ပြီး စာကြိုးစား ဘ၀ကို သေချာထိမ်းသိမ်းခဲ့သူတစ်ယောက်ဆိုလျှင် အသက် ၃၀ လောက်မှာ သူဟာ ဆရာကြီးဖြစ်နေပြီ။ ဒါပေမယ့် ငယ်ပေါင်းသူငယ်ချင်းတွေကတော့ မိန်းမသာရလို့ ကလေးသာရနေကြမယ်။ ဘာမှ မယ်မယ်ရရဖြစ်မလာဘူး။ ရွာက သာအေးဟာ ရွာက စာဥနဲ့ ညားပြီး ရွာလူကြီးကိုပင် ရှင်ဘုရင်ထင်နေရတော့ အမြင်တွေ အသိတွေကွာပြီပေါ့။ အဲဒီကစပြီး ကြာလေကွာလေ ကြာလေကွာလေ ကွာလာလာတော့တာပဲ။ နောက်တော့ ဦးဇင်းက ဘုန်းကြီးဖြစ်၊ ဟိုရွာထဲကလူတွေက အိမ်ထောင်သည်ဖြစ်၊ ဘုန်းကြီးက ဆရာတော်ဖြစ်၊ ဟိုရွာထဲက လူတွေကအိမ်ထောင်ဦးစီးဖြစ်၊ တစ်ရွာလုံးနဲ့ တစ်ပါး၊ တစ်ပါးစကားကို နားထောင်ကြရတော့တာ။ မှန်ပါးးးမှန်ပါးပေါ့။
 ဒါတွေဟာ အစက အများထင်သလို လွယ်လွယ်တော့ ဘယ်ဟုတ်မလဲဗျာ။ ပျင်းလို့ ဘုန်းကြီးဝတ်၊ အလုပ်မလုပ်ချင်လုပ်ဘုန်းကြီးဝတ်၊ မိန်းမရှိလို့ ဘုန်းကြီးဝတ်ဆိုတဲ့ သူတွေနဲ့ အဲလိုဝတ်နေကြသူတွေနဲ့ယှဉ်ရင် မစင်နဲ့ ထောပတ် ကွာသလို ကွာတော့တာပေါ့။ တကယ်တော့ ဘုန်းကြီးဘ၀ဟာ ဟိုးဘ၀ငယ်ငယ်လေးထဲက ကိုယ်ထူကိုယ်ထနေလာခဲ့ပြီး၊ လောကဓံကို ကြံ့ကြံ့လည်းခံ စန့်စန့်လည်း ခံလာခဲ့လို့
စာပေတွေနဲ့ နေခဲ့လို့ ဒီလိုတွေဖြစ်တာပေါ့။ ဒါကြောင့် ဘုန်းကြီးတွေက သူတို့ကိုသူတို့ ယုံကြည်မှုတွေရှိလာကြတာ။ ရဲရင့်မှုတွေရှိလာကြတာပဲ။ သူတို့အထက်မှာ ဆရာသမားနဲ့  ဘုရားပဲရှိတော့တယ်။ No other one, no other thing -တစ်ခြား ဘယ်သူမှ ရှိတော့ဘူး။ တစ်ခြား ဘာမှမရှိတော့ဘူး။ ကဲ ဒီလို ကိုယ်ထူကိုယ်ထ ငယ်ကတည်းနေ ကြီးသည်အထိနေလာခဲ့ပြီး စာပေဗဟုသုတရှိခြင်းသည် ဘုန်းကြီးတွေ တော်ပြီး ရဲရင့်ရခြင်း အကြောင်းလို့ မိမိကတော့ သုံးသပ်ခံစားမိပါသည်။
စိတ်ကြိုက်ကွဲလွဲခွင့်ရှိပါသည် (ဆဲခြင်း အပြစ်ပြောခြင်းကိုတော့ ဘယ်သူမှ အကျိုးမရှိသောကြောင့် မပြုကြရန် မေတ္တာရပ်ခံအပ်ပါသည်)

လောကဓံကို ကြံ့ကြံ့လည်းခံ၊ စန့်စန့်လည်းခံပြီး ကြိုးစားနေကြသော သံဃာအားလုံးကို ဦးညွတ်လျှက်

သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)


သီတဂူဓမ္မကထိက



ခေတ္တ-အိန္ဒိယ


Thursday 3 December 2015

“ပုဂ္ဂိုလ်ခင်မှ တရားမင်မှာလားးးးးးး”



“ပုဂ္ဂိုလ်ခင်မှ တရားမင်မှာလားးးးးးး”     
        
ပုဂ္ဂိုလ်ခင်မှ တရားမင်တဲ့။ သမ္မုတိသစ္စာနယ်ပယ်အတွက်တော့ သိပ်မှန်တဲ့ ဆိုရိုးစကားပါ။ မငြင်းသာ၊ မငြင်းနိုင်ပါဘူး။ သားသမီး သံယောဇဉ်စတဲ့ တစ်စုံတစ်ခုသောတဲ့ သံယောဇဉ်လေးတွေကြောင့် ဘုရားကျောင်းရောက်၊တရားနာ၊ ကုသိုလ်ပြု စတဲ့ အမှုမှသည်၊ ငါ့လင်ငါ့သား ငါ့ဇနီးမယားစတဲ့ သံယောဇဉ်အကြမ်းစားတွေအထိပါတယ်။ ဒါတွေကြောင့်လည်း ကုသိုလ်စိတ်တွေဖြစ်တတ်ပါတယ်။ ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဓိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ၀ိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ- ချစ်ခြင်း ရာဂကိုအကြောင်းပြုပြီး ပေးကမ်းခြင်း သီလစောင့်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဈာန်၊ ၀ိပဿနာ၊ မဂ်ဥာဏ် အဘိညာဉ် သမာပတ်တွေအထိ ရနိုင်တယ်လို့ ပဌာန်းပါလိတော် ဥပနိဿယပစ္စည်းရဲ့ ပတကူပနိဿယအဖွင့်မှာ ဟောပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ခင်မှ တရားမင်တဲ့ ၀ါဒကို မငြင်းပါဘူး။ လက်ခံနိုင်ပါတယ်။

ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ခင်မှ တရားမင် ဆိုတဲ့ စကား အပြည့်ကို သူ့ရဲ့ ဆိုလိုရင်း မစဉ်းစားဘဲ။ ပုဂ္ဂိုလ်ဆိုတဲ့ စကားနဲ့ တရားဆိုတဲ့ စကားကိုစဉ်းစားကြည့်ရင် အဓိပ္ပါယ်က တစ်မျိုးထွက်သွားတယ်။ ပုဂ္ဂိုလ်ဆိုတာ သမ္မုတိသစ္စာနယ်ပယ်၊ တရားဆိုတာ ပရမတ္ထသစ္စာနယ်ပယ်။ ပရမတ္ထသစ္စာနယ်ပယ်မှာ ပုဂ္ဂိုလ်စွဲမရှိဘူး။ အကောင်းဟာ အကောင်း၊ အဆိုးဟာ အဆိုးပဲ။ မျက်နှာလိုက်ခွဲခြားခြင်းမရှိဘူး။
နောက်တစ်ဆင့် ဆက်စပ်တွေးကြည့်ပြန်ရင်လည်း အမှန်တရား သစ္စာတရားကို လိုလားတဲ့ သူတွေဟာ သမ္မုတိသစ္စာနယ်ပယ်မှာတောင် ပုဂ္ဂိုလ်ကိုမကြည့်ဘူး။ မျက်နှာမလိုက်ဘူး။ ခွဲခြားမှုမရှိဘူး။ တရား မတရားပဲ ကြည့်တယ်။ မှန်မမှန်ပဲကြည့်တယ်။ သူ့လူမို့ ငါ့လူမို့ဆိုတဲ့ ပုဂ္ဂိုလ်စွဲမရှိဘူး။
သာဓကတစ်ခုပြမယ်။ သာဓုလူဝါးဝတယ် ဆိုတဲ့ စာအုပ်ထဲက စာရေးဆရာသာဓုတင်ပြထားတဲ့ ဒေါက်တာသာလှ  အကြောင်းလေး။
သာဓုက စာရေးဆရာ ဒါရိုတ်တာ ဒါပေမယ့် ရုပ်ရုပ် အဖွဲးအစည်း ဥက္ကဌဖြစ်တဲ့ ဒေါက်တာသာလှနဲ့ကမတည့်ဘူး။ ဒါကြောင့် သူ့ဇာတ်ကားက ကောင်းပေမယ့် အကယ်ဒမီမမှန်းရဲဘူး။ ဇာတ်ကားကို ဒေါက်တာသာလှက ကြည့်ရှုဆုံးဖြတ်တော့ အကယ်ဒမီပေးလိုက်တယ်။ ဘာကြောင့်ပေးသလဲဆိုတော့ “လူချင်းမတည့်တာဟာ ပုဂ္ဂုလ်ရေးခံစားချက်တဲ့။ အခုဟာက အနုပညာခံစားချက်တဲ့၊ အခုရုပ်ရှင်ကားကို အနုပညာသက်သက်နဲ့ပဲ ကြည့်ရှုဆုံးဖြတ်တယ်၊ ဒီကားဟာ အကယ်ဒမီရထိုက်တယ်။ ဒါကြောင့် သူပေးလိုက်တာ”တဲ့။ မိမိကတော့ ဒေါက်တာသာလှစိတ်ဓာတ်ကို စံပြစိတ်ဓာတ်လို့ သဘောထားပြီး အတုယူမိပါတယ်။ အဲဒီစိတ်ဓာတ်မျိုးကြိုက်တယ်။  ဒီတော့ အဖြေကထွက်တာက “ပုဂ္ဂိုလ် မခင်ပေမယ့်လည်း တရားကတော့ မင်သင့်ရင်မင်ရမှာပဲ”
 “တရားဟာ တရားပဲ ပုဂ္ဂိုလ် မဟုတ်ဘူး။ မှန်မမှန် ကောင်းမကောင်းပဲ ဆုံးဖြတ်လေ့လာ ကျင့်သုံးရမှာ” ဖြစ်ပါတယ်။ အခုမျှဝေချင်တဲ့ အသိလေးက “ပုဂ္ဂိုလ်ခင်လို့ တရားမင်တာကောင်းပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်မခင်လို့ တရားပစ်မှာ၊ ပုဂ္ဂိုလ်မုန်းလို့ တရားမုန်းမှာကိုတော့ စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်မကြိုက်လို့ တရားမနာဘူး ဆိုရင်တော့ မနာတဲ့ သူပဲ တရား အသိမတိုးမှာပါ။ ဓမ္မမိတ်ဆွေတွေ ဆွေတော်မျိုးတော်တွေက ဗဟုသုတရှိပြီးသား သိပြီးသား သူတွေမို့ အများကြီးမပြောတော့ပါဘူး။ သတိထားစရာ မေးခွန်းလေးပဲ မေးချင်လိုက်ချင်ပါတယ် “ပုဂ္ဂိုလ်ခင်မှ တရားမင်မှာလားးးးးးးး”

သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)
သီတဂူဓမ္မကထိက
ခေတ္တ-အိန္ဒိယ